ရန်ကုန်၊ သြဂုတ် ၁၈
ရိုးဂုဏ်

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့်သူများအနက် တပ်မတော်မှ အငြိမ်းစားယူထားသူ ၈၈ ဦး ပါဝင်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ၁၄ ဦးပါဝင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

“အငြိမ်းစားတပ်မတော်သားများ ပါဝင်မှုအနေနဲ့ ကိုယ်စားလှယ်လောင်း ၈၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ခုနစ်ရာခိုင်နှုန်းသာ ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီ နိုင်ရင် စစ်ဖိနပ်အောက် ပြန်ရောက်မည်ဟု အတိုက်အခံနိုင်ငံရေး အင်အားစုများ ပုံဖျက် စွပ်စွဲမှုများ မှန်ကန်မှု ရှိမရှိ တွေ့မြင်နိုင်ပါတယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်း ၁၁၂၉ ဦးရှိပြီး အဆိုပါပုဂ္ဂိုလ်များကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ရွေးချယ်ထားခြင်း မဟုတ်ဘဲ အောက်ခြေမှ အဆင့်ဆင့်တက်လာသည့် သူများသာ ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူက ပြောသည်။

၎င်းက “တပ်မတော်သားအငြိမ်းစားဆိုတာက အခုမှ အငြိမ်းစားဝင်လာတဲ့သူတွေမဟုတ်ပါဘူး၊ ၂၀၁၀၊ ၂၀၁၅ ကတည်းက ပါဝင်ခဲ့ပြီး ဒေသခံကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုအရ ပါဝင်လာသူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့ လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း ၃၂၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၆၅ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်နေရာအတွက် ၆၄၄ ဦးတို့ဖြစ်ကြောင်း ပါတီက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အနက် အတွေ့အကြုံ ရင့်ကျက်သော လူဟောင်း ၄၉၅ ဦး ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၈၄ ရာခိုင်နှုန်း ၊ မျက်နှာသစ်ကိုယ်စားလှယ် ၆၃၄ ဦး ရာခိုင်နှုန်းအားဖြင့် ၅၆ ဒသမ ၁၆ ရာခိုင်နှုန်း၊ ပညာအရည်အချင်းမြင့်မားသူ ၈၀ ရာခိုင်နှုန်းကျော်နှင့် အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Leave a Reply