ကြံ့ခိုင်သူသာ အောင်နိုင်စမြဲ

စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေဟာ ကျွန်မတို့မဖိတ်ခေါ်ဘဲ မကြာခဏရောက်လာတတ်ကြတယ်။ အလည်လာတဲ့စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကို ကျွန်မတို့ကလည်း နွေးထွေးစွာဖိတ်ခေါ်တတ်ကြပြန်တယ်။ အဲဒီလိုနဲ့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေကို ပြန်နှင်ဖို့ မေ့လျော့သွားတတ်ကြတယ်။ နှင်ထုတ်ဖို့ သတိရတဲ့အချိန်မှာ သူတို့ကကျွန်မတို့စိတ်နှလုံးသားတွေထဲမှာ မောင်ပိုင်စီးနေပြီးဖြစ်တယ်။

လူ့ဘဝဆိုတာ အကြွေစေ့တစ်စေ့လိုပါပဲ။ ပန်းတလှည့်၊ ခေါင်းတလှည့်ရှိသလို။ ပျော်စရာတလှည့်၊ စိတ်ညစ်စ ရာတလှည့်။ လူတိုင်းဟာ စိတ်ညစ်ဖူးကြသလို၊ ပျော်လည်းပျော်ရွှင်ဖူးကြတယ်။ ဒါကိုပဲ ကျွန်မတို့အများစုက စိတ်ညစ်တာကိုပဲ အလှည့်အပြောင်းမရှိ ထွေးပွေ့ထားကြပြန်တယ်။ ရှိပါသေးတယ်။ စိတ်ညစ်လို့ အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ်၊ ပတ်ဝန်းကျင်ရှိ လူတွေကို ပြဿနာရှာတယ်။ အိုစုံလို့။

တကယ်တော့ စိတ်ညစ်စရာတွေကို ပျော်ရွှင်မှုတွေနဲ့ အစားထိုးဖို့ ကျွန်မတို့ကမေ့နေကြလို့ပါ။ စိတ်ညစ်ပါတယ် ဆိုမှ ဘယ်လိုပျော်အောင်လုပ်မလဲ။ လုပ်လို့ရပါတယ်။ ပထမတစ်ခုက စိတ်ညစ်စရာတွေ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ချရေးဖို့ စာအုပ်တစ်အုပ်ဝယ်လိုက်ပါ။ လူတွေပါးစပ်ကမှ ပိတ်ချင်မှပိတ်ရမယ်လေ။ ကိုယ်ရေးတဲ့စာအုပ်ဆိုတာ လုံခြုံတဲ့နေရာမှာထားရင် သူကပါးစပ်ပေါက်လို လိုက်မပိတ်ရတော့ဘူးပေါ့။

မိမိရဲ့စိတ်ညစ်စရာ၊ အဆင်မပြေဖြစ်နေတာတွေကို စာရင်းပြုလိုက်ပါ။ ဖတ်ဖူးတဲ့ဆရာကြီးမင်းသိင်္ခရဲ့နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဖြစ်ချင်ရာဖြစ်၊ မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲကအတိုင်းဆို ကိုယ့်စိတ်ညစ်စရာတွေချရေးခြင်းဟာ ဒုက္ခဆီပြန်ဟင်း ချက်စားတာပဲပေါ့။ ဒုက္ခဆီပြန်ဟင်းဆိုတာကတော့ မိမိရဲ့စိတ်ညစ်စရာ၊ ဒုက္ခတွေကိုစာရင်း ပြုစုခြင်းပါ။ အဲဒီအခါဒုက္ခတွေ၊ စိတ်ညစ်စရာတွေဟာ သောင်းခြောက်ထောင်မရှိဘူးဆိုတာ သိသွားမှာပါ။ အဲဒီစိတ်ညစ်စရာတွေ၊ ဒုက္ခတွေကိုရေးထားတာ နောင်တစ်ချိန်ပြန်ဖတ်ရင် အရမ်းပျော်စရာကောင်းသလို ရယ်စရာလည်း ကောင်းနေမှာပါ။ လက်တွေ့ကျေးဇူးကတော့ စိတ်ညစ်စရာတွေရဲ့ ထွက်ပေါက်တစ်ခုဖြစ်သွားမှာပါ။ အဲဒီနည်းလေးကို စိတ်ညစ်စရာတွေများတိုင်း၊ စိတ်ရှုပ်စရာတွေပေါ်လာတိုင်း ကျင့်သုံးကြည့်စေချင်ပါတယ်။

စိတ်ညစ်စရာတွေကို ပြေပျောက်စေတဲ့ ဒုတိယနည်းကတော့ သီချင်းနားထောင်ခြင်းပေါ့။ ကိုယ်ကြိုက်တဲ့အဆို တော်တွေရဲ့သီချင်းတွေနဲ့ အချိန်ကုန်ခြင်းဟာလည်း လောကစည်းစိမ်ခံစားခြင်းတစ်ခုပါ။ သီချင်းစာသား၊ သံစဉ် တွေထဲမှာ စိတ်ကြိုက်ပေါက်ကွဲပစ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ဝေးတဲ့နေရာမှာဆို သီချင်းကျယ်ကျယ်ကြီးဖွင့်နားထောင်ပစ်လိုက်ပါ။ စိတ်ညစ်စရာတွေဟာ လျော့ပါးသွားမှာအသေအချာပါပဲ။

တတိယနည်းကတော့ စိတ်ညစ်တိုင်း အတွေးတွေမများပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ညစ်ချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့စိတ်၊ ကိုယ့်ကိုယ် ကိုယ်အားငယ်တတ်တဲ့စိတ်၊ သူများကို အပြစ်တင်တဲ့စိတ်တွေ လွှမ်းမိုးနေချိန်မို့ပါ။ ငါမှ ဒီလိုဖြစ်ရတယ်။ ငါမှ အဆိုးတွေဖြစ်ရတယ်။ သူ့ကြောင့် ဒီလိုဖြစ်တာဆိုတဲ့ စိတ်မျိုးတွေပေါ့။ ဒါ့ကြောင့် စိတ်ညစ်တိုင်း၊ စိတ်ရှုပ်တိုင်း ဘာဆိုဘာမှမတွေးပါနဲ့။ ဗလာကျင်းထားပါ။

စတုတ္ထနည်းကတော့ စိတ်ညစ်ရင်၊ စိတ်ရှုပ်ရင်ဘယ်တော့မှ တစ်ယောက်တည်း မနေနဲ့။သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်၊ ရုပ်ရှင်သွားကြည့်မယ်။ မုန့်သွားစားမယ်၊ ရေကူးကန်သွားမယ်၊ ဈေးဝယ်ထွက်မယ်ဆိုရင် စိတ်ညစ်စရာတွေက အနည်းငယ်တော့ လျော့သွားမှာပါ။ စိတ်ညစ်တိုင်း တစ်ယောက်တည်းပဲနေပါရစေ။ ဘယ်သူနဲ့မှမတွေ့ချင်ဘူးဆိုပြီး ကျွန်မတို့က ပြောလေ့ရှိကြတယ်။ လက်တွေ့မှ ာအဲဒီတစ်ယောက် တည်းနေခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လောင်တိုက်သွင်းခြင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်စိတ်ညစ်မှုတွေဟာ တစ်ယောက်တည်းနေရင် တွေးနေမိမှ ာသူငယ်ချင်းတွေနဲ့ဆိုရင်တော့ စကားတွေ ဟိုဟိုဒီဒီပြောရင်းက စိတ်ညစ်မှုအချို့ဟာလေနဲ့အတူ မျောပါသွားနိုင်တယ်လေ။ ဒါ့ကြောင့်စိတ်ညစ်တိုင်း တစ်ယောက်တည်း မနေပါနဲ့။

ပဉ္စမနည်းကတော့ သတ်သေမယ်၊ သေချင်တယ်ဆိုတဲ့ စကားလုံးကိုမသုံးနှုန်းမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သေခြင်းတရားဆိုတာ လူတိုင်းမှာပိုင်ဆိုင်ပြီးသားမို့ပါ။ သတ်မှတ်ထားခံရတဲ့ သေဆုံးဖို့ချိန်ကို သင်ဘယ်လိုလုပ် လုပ်မပြောင်းလဲနိုင်ပါဘူး။ ကိုယ်ကသေချင်လို့ သတ်သေလိုက်ပါပြီတဲ့။ ကျန်ခဲ့မယ့်ကိုယ့်မိဘတွေဟာ အသက်ရှင် သရွေ့ဘယ်လိုလုပ် ပျော်ရွှင်နိုင်တော့မလဲ။ လောကကြီးမှာ လူဆိုတာဖြစ်လာပြီးမှ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုအမြဲသတိရပါ။ ဒါ့ကြောင့် သတ်သေဖို့ကြိုးစားခြင်း မပြုသင့်သလို၊ သေချင်ကြောင်းမပြောမိပါစေနဲ့။

ဆဋ္ဌမနည်းကတော့ ပြတင်းပေါက်ကျယ်ကျယ်ဖွင့်ခြင်းဆိုတဲ့ စာဖတ်ခြင်းပြုလုပ်ပေးဖို့ပါ။ စာဖတ်တယ်ဆိုလို့ စာအုပ်အထူကြီးကို ဖတ်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို တစ်နေ့နည်းနည်းစီဖတ်ပေးဖို့ပါ။ ပြတင်းပေါက်ဖွင့်တယ်ဆိုတာ လေကောင်း၊လေသန့်တွေကို ရှုရှိုက်နိုင်ဖို့။ အဲ့လိုပါပဲ စာအုပ်ဖတ်ခြင်းဆိုတာ စိတ်ညစ်စရာအချို့ရဲ့အဖြေကို ရှာဖို့ပါ။ဒါပေမဲ့ စိတ်ညစ်တယ်ဆိုပြီး ပြတင်းပေါက်ကို အလုံပိတ် ပြီ းအမှောင်ခန်းမှာ နေနေဖြစ်ကြတာများတယ်။ အမှောင်ခန်းထဲမှာကြာကြာနေရင် ဘယ်လိုလုပ် လေကောင်း လေသန့်တွေရမလဲ။ ပြတင်းပေါက်ကို ကျယ်ကျယ်မဟုတ်တောင် အနည်းငယ်ဖွင့်လိုက်ရင် အသက်ရှုကျပ် နေတာချောင်သွားနိုင်သလို ၊အလင်းရောင်လည်း အနည်းငယ်တော့ရနိုင်တာပေါ့။ဒါ့ကြောင့် စိတ်ညစ်စရာတွေရဲ့အဖြေ တွေ့နိုင်ဖို့ ပြတင်းပေါက်ကျယ်ကျယ်ဖွင့်ဖို့မမေ့ပါနဲ့။

သတ္တမနည်းကတော့ ပရဟိတလုပ်ခြင်း၊ ဘာသာရေးလိုက်စားခြင်းတွေ လုပ်ဖို့ပါ။ အများအကျိုးဆောင်ရွက်တာ အားလုံးဟာ ပရဟိတလုပ်တာပါပဲ။ အများအကျိုး၊ ရွက်သယ်ပိုး၊ ကိုယ်ကျိုးမယုတ်ပါဆိုတဲ့ စစ်ကိုင်းရွှေဟသာၤဆရာ တော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လေးအတိုင်း ပရဟိတလုပ်ခြင်းက ကိုယ်ကျိုးမယုတ်နိုင်ပါဘူး။ စိတ်ညစ်ပါတယ်ဆို ဘယ်လိုလုပ် ဘုရားတရားလုပ်နိုင်မှာလဲ။ မေးလည်းမေးသင့်ပါတယ်။ စိတ်ညစ်စရာတွေများတိုင်း ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းမပြုလုပ်နိုင်ဘူးဆိုရင်တောင် လှူဒါန်းခြင်းတစ်ခုခုတော့လုပ်ပေးပါ။ လှူဒါန်းမှုရဲ့နောက်ကွယ်က ကြည်နူးမှုတွေဟာ စိတ်ညစ်မှုတွေကိုပြေလျော့သွားစေမှ ာအသေအချာ။ လှူဒါန်းမှုလည်းလုပ်ဖို့ စိတ်မပါဘူး၊ ဘုရားလည်းရှိခိုးမနိုင်ဘူး၊ တရားလည်းမထိုင်နိုင်ဘူးဆိုရင်တောင် မေတ္တာပို့ခြင်းအလုပ်ကိုလုပ်လိုက်ပါ။ မေတ္တာ ပို့ခြင်းထက် ငြိမ်းအေးစေတဲ့ အလုပ်မရှိပါဘူး။ ဒါ့ကြောင့် စိတ်ညစ်စရာတွေပြေလျော့စေဖို့ ပရဟိတလုပ်ပါ။ ဘာသာရေးလိုက်စားခြင်းတွေဖြစ်တဲ့ လှူဒါန်းခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းတွေကို မမေ့မလျော့ပြုလုပ်လိုက်ပါ။

စိတ်ညစ်စရာတွေ ပယ်ဖျောက်တတ်သူ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေဟာ အသက်လည်းရှည်စေတယ်။ စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးရဲ့ ကျန်းမာရေးဆောင်ပုဒ်လေးကို ကျွန်မတို့အသက်ရှင်စဉ်ကာလတစ် လျောက်လုံးလိုက်နာဆောင်ရွက်သင့်တယ်။ နည်းနည်းစား၊ များများလျှောက်၊ ခေါင်းကြည်အောင်ထား။ နည်းနည်း စားဆိုတာကတော့ တဝတပြဲမစားဘဲ မျှတရုံလောက်စားဖို့ပါ။ များများလျှောက်ဆိုတာကတော့ အထိုင်မများဘဲ လမ်းများများလျှောက်ပေးဖို့ပါ။ ခေါင်းကြည်အောင်ထားဆိုတာကတော့ စိတ်ညစ်စရာအာရုံများကို မတွေးတောဘဲ တတ်နိုင်သလောက်ဝေးဝေးနေလို့ဆိုလိုတာပါ။ ဒါ့ကြောင့် စိတ်ညစ်စရာတွေကို ကျောခိုင်းတတ်ဖို့ ဒီနေ့ကစ အထက်ပါအချက်တွေကို ကျင့်သုံးကြည့်လိုက်ပါ။ ချားလ်စ်ဒါဝင်ရဲ့စကားကို ယူသုံးမယ်ဆိုရင်တော့ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ၊ ဒုက္ခတွေကြားမှာ အကောင်းဆုံးကြံ့ကြံ့ခံနိုင်သူဟာ နောက်ဆုံးကျန်ရစ်ခဲ့မှာပဲတဲ့။ ကျွန်မတို့ နောက်ဆုံးကျန်ရစ်သူဖြစ်စေဖို့ စိတ်ညစ်စရာတွေကို ကျောခိုင်းကြည့်ကြရအောင်။ စိတ်ညစ်စရာတွေကို ညည်းတွားမနေဘဲ တောင်ပံတပ်ကာ ပျံသန်းကြည့်ကြပါစို့။

မုဒိတာ (တောင်သာ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.