ကြွေလွင့်သွားသော မော်လမြိုင်သား ကာတွန်းဘိုးအေ

(တိတ်ဆိတ်စွာရှင်သန်ရင်း ကွယ်လွန်သွားရှာပြီဖြစ်သည့် မော်လမြိုင်သားကာတွန်းဆရာကြီး ဦးကြည်လွင်၏ ဘဝ)

ရေးမြို့နယ်ဘက်မှ ထွက်ခွာလာသော မီးရထားသည် မော်လမြိုင်ဘူတာကြီးဆီသို့ ခရီးတစ်ထောက်ရပ်ရန် အသော့နှင်လျက်ရှိသည်။

အင်ဂျင်အခိုးအငွေ့တို့ကို ခပ်ပြင်းပြင်း မှုတ်ထုတ်နေရင်း စူးရှသော ဥသြသံက ကျယ်လောင်စွာ ထွက်ပေါ်ပျံ့လွင့်လာ၏။

မြေနီကုန်းရပ်ကွက် ရန်ပြေလမ်းတွင် ထိုသို့ နေ့စဉ် မြင်နေကျမြင်ကွင်းများ ကြားနေကြအသံများနှင့် ဆန့်ကျင်စွာ အေးအေး ဆေးဆေး တိတ်တဆိတ်ရှင်သန်နေထိုင်ခဲ့သော ကာတွန်း ဆရာ၊ ပန်းချီ ဆရာကြီးတစ်ဦးရှိခဲ့ပါသည်။

ပါလီမန်ဒီမိုကရေစီစနစ်အားနည်းချက်များ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် မတော်မတည့်မှုများ၊ လူ့ဘောင်နှင့် သတင်းစာလောက ရင်ဆိုင်နေရမှုများကို သရော်တော်တော်တစ်ဖုံ၊ ဒဲ့ဒိုးတစ်သွယ် ဆော်ခဲ့နှက်ခဲ့ဖူးသော ကြည်လွင် အမည်ရ မော်လမြိုင်သား ကာတွန်းဆရာကြီး၊ လက်ရှိကာတွန်းလောကတွင် အသက်အကြီးဆုံးကာတွန်းဆရာကြီးကိုဆိုလိုခြင်းဖြစ်၏။

“ပျော်ဖို့ရွှင်ဖို့ကာတွန်းဆွဲတယ်”ဟုဆိုခဲ့ဖူးသော ဦးကြည်လွင်သည် အထက်ပါအရပ်၌ ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်ရင်း၊ ရေဆေးပန်းချီကားများကို ရေးဆွဲရင်း ရှစ်လေးလုံးမြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး နှစ်သုံးဆယ်ပြည့်ချိန် ၈.၈.၂၀၁၈ အရောက် အသက် ၉၀ နီးပါးအရွယ်တွင် လူကြီးရောဂါဖြင့် အရာအားလုံးကို ခပ်အေးအေးပင်ခွဲခွာသွားချေပြီ။

မွေးချင်းခုနစ်ဦးရှိသည့်အနက် ပဉ္စမမြောက်သားဖြစ်သူ ငယ်နာမည် ကီဘွန်းအမည်ရ ဦးကြည်လွင်သည် မော်လမြိုင်တွင် မွေး၊ မော်လမြိုင်တွင်ခေါင်းချသွားခဲ့သူတစ်ဦးလည်းဖြစ်၏။
ဒုတိယကမ္ဘာစစ်ကြီးနှင့် ကြုံခဲ့ရချိန်၊ စစ်အပြီး ဂျပန်ဆုတ်ခွာချိန်၊ မော်လမြိုင်ဈေးကြီးအနီး အ.ထ.က ၈ တွင်

ပညာသင်ကြား နေချိန်ကပင် ကျောင်းကျောက်သင်ပုန်းများအထက် ကာတွန်းလက်ရာများ ရံဖန်ရံခါဖော်ပြခံရသည်အထိ ဝါသနာထုံ ခုံမင် ကြောင်း ပြသခဲ့သူလည်းဖြစ်ပါသည်။

အလွတ်ပညာသင်ကျောင်းမှတစ်ဆင့် ဆယ်တန်းအောင်မြင်ပြီးချိန်၊ မော်လမြိုင်ကောလိပ်မှတစ်ဆင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိသည့် ၁၉၆၀ တွင်မူ ဝါသနာပါရာ ကာတွန်းလောကသို့ ခြေစုံပစ်ဝင်ရန်အခွင့်အရေးနှင့် ဦးကြည်လွင်တစ်ယောက် ပက်ပင်းတိုးမိတော့၏။

သိပ်ဆန်းသည်တော့မဟုတ်၊ ယင်းမတိုင်မီ ၁၉၅၆ ၊ ၁၉၅၇ ခုနှစ်များကတည်းက အရှိန်ကောင်းနေသည့် မြန်မာသတင်းစာ လောကအတွင်း မော်လမြိုင် မဂ္ဂဇင်းစာမျက်နှာများထက်၌ ဆရာကြီး၏ လက်ရာများကား နေရာယူထားပြီးဖြစ်နေခြင်းကြောင့်ပင်။

ထိုသို့နှင့် အသက် ၂၈ နှစ်ဝန်းကျင်အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း ပြည်ထောင်စုသတင်းစာသို့ ကာတွန်းလက်ရာများ စဉ်ဆက်မပြတ် ပေးပို့ခဲ့ရသည်အထိ ဦးကြည်လွင်၏ ဝါသနာမှာ ခရီးဆက်နိုင်ခဲ့၏။

“ပြည်ထောင်စုက တစ်လ တစ်ရာ ပေးတယ်လေ။ အဲဒီတုန်းက နှစ်ရာဆို ရွှေဝယ်လို့ ရပြီ”ဟု သူက ဆိုသည်။ ဦးကြည် လွင်နှင့် ဟင်္သာတို့ ၂၀၁၆ ခုနှစ်အတွင်းတွေ့ဆုံခဲ့စဉ်ကပြောခဲ့ခြင်းဖြစ်ပါသည်။

ဆရာကြီး၏ နှမ အသက် ၈၂ နှစ်အရွယ် ဒေါ်စွန်ပီ၏ ပြောပြချက်အရ ဦးကြည်လွင်သည် ထိုသို့ ကာတွန်းရေးရင်းရသည့် ငွေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်ရှာခဲ့ပြီး မိသားစုအားအပူအပင်ကင်း စေခဲ့ကြောင်းလည်း သိရ၏။

“ကျောင်းသွားတက်တာ အိမ်က လမ်းစရိတ်နဲ့ တစ်လစာပဲ ပို့လိုက်ရတယ်။ အဲဒီနောက်ကတည်းက မပို့ရတော့ဘူး။ သူကတောင် အိမ်ကို မုန့်တွေ ဘာတွေ ပြန်ပို့ရသေးတယ်”ဟု ဒေါ်စွန်ပီက ဆိုသည်။

ဦးကြည်လွင်သည် ၁၉၆၀ ကာလ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်နှင့်အညီ ကျောင်းသားလှုပ်ရှားမှုများအတွင်း ကလောင်စွမ်းဖြင့် လက်စွမ်းပြခြင်း၊ ဆဲဗင်းဇူလိုင်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခြင်းတို့ကိုလည်း လက်လွတ်ခံခဲ့သူတစ်ဦး မဟုတ်ပါချေ။

ထို့နောက် ဒဿနိကဗေဒ ဘာသာရပ်အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ဆွတ်ခူးပြီးချိန်တွင်လည်း ခေတ်ပြိုင် ကာတွန်းဆရာကြီးများဖြစ် သော ကာတွန်း ဝင်းမောင်၊ ကာတွန်း ဖေသိန်း၊ ကာတွန်းဦးဖုဏ်းတို့နှင့်အတူ ရန်ကုန်မြို့တွင် ကာတွန်းဆရာ ဘဝဖြင့်အခြေချခဲ့ပြီး လက်စွမ်း ဆက်ပြခဲ့၏။

သိပ်တော့ကြာရှည်မခံခဲ့ပါချေ။ ၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော် အာဏာကိုသိမ်းယူပြီးနောက် လစဉ် တစ်ရာကျပ်ရနေသော ပြည်ထောင်စုသတင်းစာတိုက်မှာ ပိတ်သိမ်းခံလိုက်ရခြင်းကြောင့်ပင်။

ပျော်ဖို့ရွှင်ဖို့ကာတွန်းဆွဲတယ်စာအုပ်မှ ရယူဖော်ပြသည်။

 

ထို့ကြောင့် စဉ့်အိုးတန်းလမ်းအနီး Chinese Methodist ကျောင်းတွင် ကျောင်းဆရာဝင် လုပ်ရင်း ကလောင်တစ်ဖက်၊ မြေဖြူတစ်ဖက် ကိုင်စွဲကာ ရန်ကုန်မြို့၌ ဆက်လက်အသက်မွေးဝမ်းကျောင်းရင်း ရပ်တည်ခဲ့ရပြန်၏။ သို့သော် ၁၉၆၇ တွင် ပေါ်ပေါက်ခဲ့သည့် အရေးအခင်းအပြီးထိုကျောင်းမှာလည်း ပိတ်လိုက်ရပြန်၏။

ယင်းသို့ ကာတွန်းဆရာတစ်ပိုင်း၊ ကျောင်းဆရာတစ်ပိုင်းဘဝ ကျင်လည်ရင်း ၁၉၇၃ ခုနှစ် ခန့်တွင် မိဘများ ရှိရာ၊ မွေးရပ်ဇာတိ မော်လမြိုင်သို့ ဦးကြည်လွင် ပြန်လာခဲ့ပြီး မော်လမြိုင် အလက(၅)တွင် ကျောင်းဆရာအဖြစ် ထပ်မံ အမှုထမ်းခဲ့သည်။

ထိုသို့ ရန်ကုန်မြေကို ကျောခိုင်းခဲ့သော်လည်း ငယ်စဉ်ကတည်းက ဝါသနာ ပါခဲ့သည့် ကာတွန်းဗီဇမှာမူ ငုပ်လျှိုးမသွားခဲ့။ လောကဓံ အလှည့်အပြောင်းများ၊ ပရိယေသနအရွဲ့အစောင်းများအကြား ကလောင်တံကို မလွတ်တမ်း ဆွဲကိုင်ထားဆဲပင်။

မော်လမြိုင်မြို့နေ ကျောင်းဆရာဘဝဖြင့် တံခွန် အားကစားစာစောင်တွင် ကာတွန်းများ စဉ်တိုက်ဆက်တိုက် ရေးဆွဲခဲ့ခြင်း နှင့်အတူ သူ၏ကလောင်ထက်၌ ရေဆေးပန်းချီကားချပ်များပင် ခပ်စိပ်စိပ်ရေးခြယ်သီမှုန်းပုံပေါ်လာ၍ဖြစ်ပါသည်။

၁၉၈၈ အလွန် ဆီးရောဂါကြောင့် ကျောင်းဆရာဘဝကို စွန့်ခဲ့ရပြီးနောက် မိဘအမွေအနှစ် ဥယျာဉ်ခြံလုပ်ငန်းကို ဆက်ခံရင်း အသက်မွေး ဝမ်းကျောင်းပြုပြန်သော်လည်း ကာတွန်းကိုမူ အဆွဲမပျက်။
“စာတိုက်ကနေ သွား သွားပို့တာပဲ”ဟု ဒေါ်လွမ်လွမ်က ဟင်္သာကို ပြောသည်။ သူမသည် ဦးကြည်လွင်၏ အငယ်ဆုံးနှမ ဖြစ်၏။

ထိုသို့ နှစ်ပေါင်းကြာရှည်စွာ ခေတ်အဆက်ဆက်၊ ရပ်တည်မှုအဖုံဖုံကို ဖြတ်သန်းရင်း ကာတွန်းများရေးဆွဲခဲ့သူ ဦးကြည်လွင်၊ “ငါတို့က လက်ဝဲဆန်တော့ ထင်ပေါ်မှုတွေ မလိုချင်ဘူး။ အဲဒါတွေ မလိုဘူး”ဟူသောစကားကို ၂၀၁၆ မေလအတွင်း ဟင်္သာသို့ ပြောထားဖူးသူ ဦးကြည်လွင်မှာ ကွယ်လွန်ချိန်အထိ သိုသိုသိပ်သိပ်နေထိုင်ခဲ့သည်မှာထင်ရှားပါသည်။

အကြောင်းမှာ တစ်မြို့တည်းနေ ကာတွန်းဆရာများပင် ဦးကြည်လွင်တစ်ယောက် မော်လမြိုင်၌ရှိနေသည်ကို မသိကြသလို၊ ယမန်နှစ်ကကျင်းပသော မြန်မာနိုင်ငံကာတွန်းဆရာများအသင်း သက်ကြီးပူဇော်ပွဲကိုလည်း ဖိတ်ကြားခံရခြင်းမရှိသည်က သက်သေ။

“ဒီနှစ်မှာ ကမ်းလှမ်းလာပေမယ့်လည်း ခုတော့…”ဟု မော်လမြိုင်သား ကာတွန်းဆရာ CMM က ‘ကွယ်လွန်သူ ကာတွန်း ဆရာကြီး ဦးကြည်လွင်(ခ) တော်ကီဘွန်၊ သြဂုတ်လ ၁၀ ရက်တွင် ၈ မိုင် ကြန်းတိတ်သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိဟ်မည်’ ဟူသော စာတန်းကို ကြည့်ရင်းပြောသည်။

CMM၊ ATH ၊ ဘုန်းကျော်(မော်လမြိုင်)၊ သားကြီးကဲ့သို့သော မျိုးဆက်သစ် မော်လမြိုင်သား ကာတွန်းဆရာများသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကမှ ဦးကြည်လွင်တစ်ယောက် မော်လမြိုင်၌ရှိနေသည်ကို သိခဲ့ရပြီး ၂၀၀၇ ကစ၍ နှစ်စဉ်ပူဇော် ပွဲပြုလုပ်ပေးခြင်း၊ ဆရာကြီး ကွယ်လွန်အချိန်အထိ ဝင်ထွက်၊ သွားလာ ကူးလူးဆက်ဆံခြင်းများပြုလုပ်နိုင်ခဲ့ခြင်းဖြစ်၏။

“ကာတွန်းဆရာ နီမုဒုံနဲ့ သွားရှာရင်း သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာ သိလိုက်ရတာ”ဟု CMM ကဆိုသည်။သူသည် ဆရာကြီးကို စတင်တွေ့ရှိချိန်မှ ကွယ်လွန်ချိန်ထိ ကူးလူးဆက်သွယ်မှု အရှိဆုံး ရင်းနီးချင်းများထဲက တစ်ဦးပင်။

နှစ်ပေါင်း ၆၀ နီးပါးတိုင် ရေးဆွဲထားသော ကာတွန်းနှင့် ပန်းချီများကို နေအိမ်၌အထပ်ထပ်ပုံထားသည်အထိ မှတ်တိုင်များ စိုက်ထူထားသော ဦးကြည်လွင်နှင့် ပတ်သက်၍ နိုင်ငံကျော်ကာတွန်းဆရာကြီး (ဦး)ငွေကြည်ကား ယခုလိုမှတ်ချက်ပြုဖူး ပါသည်။ အမည်အရင်း ကြည်လွင်ပင်ဖြစ်သော သူသည် ၁၉၆၂ ပညာသင်ဘဝ၌ “ကာတွန်းကြည်လွင်”ဟူ၍ အောင်မြင် ထင်ရှားပြီး ကလောင်တစ်စင်းရှိနေခြင်းကြောင့် “ငွေကြည်”ဟုနာမည်ပြောင်းရေးဆွဲခဲ့သူလည်းဖြစ်၏။

ထိုစကားကို (ဦး)ငွေကြည်က မော်လမြိုင်၊ ကာတွန်းဆရာကြီး ကြည်လွင်၏ ကာတွန်းလက်ရာများအား ၂၀၁၆ခုနှစ် ၌ စုစည်းထုတ်ဝေသော “ပျော်ဖို့ရွှင်ဖို့ ကာတွန်းဆွဲတယ်”စာအုပ်၏ အမှာစာတွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဦးကြည်လွင်အတွက် (ဦး)ငွေကြည်၏မှတ်ချက်မှာကား..
“ကျွန်တော်ပြောပြတာတွေဟာ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်ကို စမ်းပြီး ပြန်ပြောသလိုမျိုး ဖြစ်ကောင်း ဖြစ်နေ ပါမယ်။ ဒါပေမဲ့ ကျွန်တော်ပြောတာ ဆင် ဆိုတာတော့ သေချာပါတယ်”ဟူ၍။

ခေတ်မင်း

ကာတွန်းဆရာကြီး ကြည်လွင်၏ ကိုယ်ရေးအကျဉ်း

မော်လမြိုင်မြို့တွင် အဘ ဦးဘွန်ကောက်၊ အမိ ဒေါ်သင်းအုံတို့က ၂၁.၁၁.၁၉၃၃ ခု(မှတ်ပုံတင်ခုနှစ်) ၌ ဖွားမြင်သည်။ မွေးချင်း ခုနစ်ဦးအနက် ပဉ္စမမြောက်။ ငယ်အမည်မှာ ကီဘွန်း  ဖြစ်၏။

မော်လမြိုင်ရှိ ပွေစစ် တရုတ်ပညာရေးကျောင်းတွင် ပညာ စတင်သင်ယူခဲ့သည်။ ယင်းမှာ ယခု မော်လမြိုင်ဈေးကြီးအနီး အထက ( ၈ ) ဖြစ်သည်။

၁၉၅၆ခုနှစ်တွင် ကြည်လွင်ကလောင်ဖြင့် ကာတွန်းလောကသို့ဝင်ရောက်သည်။

၁၉၆၀ ခုနှစ်တွင် ဒဿနိကအထူးပြုဘာသာရပ်ဖြင့် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှဘွဲ့ရခဲ့သည်။

အစိုးရကျောင်းဆရာအဖြစ် ၁၉၆၅ ခုနှစ်တွင် မော်လမြိုင် အ.ထ.က (၁)တွင် တာဝန်ထမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

 

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.