ကွက်ကွက်မျှမချန် တာဝန်ခံခိုင်းပါ

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုများအတွက် အုပ်ချုပ်ရေးမှူးများ တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျိုက်ထိုမြို့ သာသနာ့ဗိမာန်တွင်စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဆေးပြားရောင်းဝယ်ဖောက်ကားနေခြင်းများ ရပ်ကွက်အတွင်း ပထမအကြိမ်ဖြစ်လျှင် ခွင့်လွှတ်ကြောင်း၊ ဒုတိယအကြိမ်ထပ်ဖြစ်လျှင် သတိပေးမည်ဖြစ်ကြောင်း၊ တတိယအကြိမ်တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဓိက တာဝန်ရှိသူဖြစ်လာမည် ဖြစ်ကြောင်း အတိအလင်း ပြောထားပြီးသားဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအရ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးဆောင်ရွက်ချက်များသာ မဟုတ်ဘဲ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များ ပါဝင်ကြောင်း သိရှိထားသည်။ ထိုမျှသာမက မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုးကျိုးများ အနည်းဆုံးဖြစ်သော ပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်ရေးအတွက် လမ်းပြဖော်ဆောင်မည်ဖြစ်ကြောင်း မူဝါဒတွင် ရေးဆွဲထား၏။

သို့ဖြစ်ရာ ဝန်ကြီးချုပ်၏ အထက်ပါ သဘောထားနှင့် ရပ်တည်မှုမှာ အခြေခံကျပြီး တော်တည့်မှန်ကန်ကြောင်း ဟင်္သာက ယုံကြည်ထား၏။ သို့သော်လည်း မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး၊ ကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပါသည်ဟု ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးထားသော ယခုမျက်မှောက်ကာလဝယ် ယင်းလုပ်ငန်းစဉ်များ ပိုမို ထိရောက်ခရီးတွင်စေရန်အလို့ငှာ တိုက်တွန်းအကြံပြုလိုသည်တို့လည်း ရှိပါသည်။

ထို့အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၌လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအဆင့်မှာ အခြေခံအကျဆုံးအလွှာဖြစ်ရာ ယင်းထက် ပိုမို ကျယ်ပြန့်မြင့်မားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသဖြင့် ဌာနအလိုက်၊ ရဲတပ်ဖွဲ့၊ တပ်မတော်၊ ပါတီစသဖြင့် အဖွဲ့အစည်း အလိုက်သည်လည်း မူးယစ်တိုက်ဖျက်မှု အခြေခံအဆင့်တွင် အရေးကြီးသောအစိတ်အပိုင်းများဖြစ်ပါကြောင်း ထောက်ပြလိုသည်။

ယင်းတို့သည်လည်း အထက်ပါ သဘောထား၊ ရပ်တည်ချက်နှင့် တာဝန်ခံမှုတို့တွင် ပါဝင်ထိုက်သည်ဖြစ်၍ တစ်သားတည်း ပါဝင်လာစေရန် မူဝါဒချမှတ်နိုင်လျှင် ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန် မြန်ဆန်မှန်ကန် ထိရောက်လာမည်ဖြစ်ကြောင်း အကြံပြုလိုရင်းပင်။

သို့မှသာ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု အနည်းဆုံး၊ အကင်းစင်ဆုံး လူမှုဘဝဝန်းကျင်ဟူသည့် ရွှေပြည်တော်မှာ မျှော်လေတိုင်း နီးလာချေမည်ဟု ဟင်္သာက မျှော်လင့်မိပါ၏။

စီမံကိန်းတို့မည်သည် ကောင်းကင်ဆန်ရမည်ဖြစ်သလို ဆောင်ရွက်ချက်တို့မည်သည် မြေကြီး ဆန်ရပေမည် မဟုတ်ပါလော။ လက်တွေ့ကျသော၊ အခြေခံကျသော၊ အုတ်မြစ်ခိုင်သော၊ မြေကြီးဆန်သောအကောင်အထည်ဖော်မှုတို့သည်သာ မြင့်မားသော၊ ကျယ်ဝန်းသော၊ ပြန့်ပြူးသော၊ ကောင်းကင်ဆန်သော စီမံကိန်းတို့ကို ရလဒ်ကောင်းဆောင်ကြဉ်းနိုင်ပါလိမ့်မည်။

သို့ပါ၍ ရည်ရွယ်ချက်ကောင်းပြီး လက်တွေ့ကျနိုင်ခြေရှိသော ဝန်ကြီးချုပ်၏ စိတ်ကူးစိတ်သန်းကို ဖော်ဆောင်ရာတွင် ကွက်ကွက်မျှပင်မချန်စေလိုဘဲ အောက်ခြေတာဝန်ရှိ အစိတ်အပိုင်းအားလုံးကို တစ်ပြေးညီတာဝန်ခံစေသည့် မူးယစ်ဟူက မည်သူ့ကိုမှ သည်းညည်းမခံသော သံမဏိ မူဝါဒ တစ်ရပ် ချမှတ်သင့်ပါကြောင်း။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.