Advertisements

မော်လမြိုင်၊ အောက်တိုဘာ

အစိုးရအဖွဲ့ဝန်ကြီးများအနေဖြင့် လွှတ်တော်၌ ဖြေကြားမည့် မေးခွန်းများကို မြေပြင်ကွင်းဆင်းပြီးမှ ဖြေကြားကြရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ၁၁ ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့ စက်တင်ဘာ ၂၆ ရက်တွင် သတိပေး ပြောဆိုလိုက်သည်။

“ဌာနဆိုင်ရာဖြေတာကို ဝန်ကြီးတွေက အတည်ပြုရတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် မြေပြင်ကွင်းဆင်းဖို့လိုအပ်တယ် ကွင်းဆင်းထားခြင်းမရှိလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်စပ်မေးခွန်းကို မေးပြီးရင်ထပ်မေးနေရတယ်” ဟု ဒေါ်တင်အိက ဆိုသည်။

လွှတ်တော်၌ ဖြေကြားမည့် မေးခွန်းများကို အစိုးရအဖွဲ့ထံ ၁၀ ရက် ကြိုတင်၍ အကြောင်းကြားထားကြောင်းနှင့် ပြန်လည်ဖြေဆိုမည့်ကိစ္စရပ်များအတွက် ယခင်ကလည်းကွင်းဆင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း ၎င်းက ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၏ တိုက်တွန်းမှုနှင့် ပတ်သက်ပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက”ဒါကတော့ လိုအပ်ပါတယ်၊ ဝန်ကြီးတွေအနေနဲ့ သူဌာနရဲ့ အောက်ခြေမှာ ဘယ်လိုတွေဖြစ်နေလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်”ဟု ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

သို့သော်လည်း အချို့ဝန်ကြီးများမှာ ဌာနအများကြီးကို ကိုင်တွယ်နေရသဖြင့်ထိတွေ့ မှု အားနည်းနေကြောင်းနှင့် ထို့အတွက် အခက်အခဲရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

လွှတ်တော်နှင့် အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသောတာဝန်၊ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ လုပ်ဆောင်ရခြင်းကြောင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်နှင့် တစ်ဖက်အပြစ်ပြောဆိုမှုများကိုလျော့၍ ပြိုင်တူဆောင်ရွက်ကြဖို့ လိုကြောင်း ဒေါ်တင်အိကပြောသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply