Advertisements

ကွန်ဂိုနိုင်ငံတွင်ဖြစ်ပွားနေသော အီဗိုလာရောဂါပိုးသည် မြို့ကြီးတစ်မြို့သို့ ကူးစက်ပြီးနောက် ‘အဆင့်အသစ်’ သို့ ရောက်နေပြီဖြစ်ကြောင်း ကွန်ဂိုနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာ အိုလီအီလန်ဂါ ကလင်ဂါက ပြောသည်။

ကွန်ဂိုနိုင်ငံ၏ အနောက်မြောက် ခရိုင်ရှိ လူပေါင်း ၁ဒသမ၂ သန်းနေထိုင်သော မဘန်ဒါကာမြို့ရှိ ကျန်းမာရေးဇုန်သုံးခုအနက် ဝမ်ဂတာတွင် အီဗိုလာရောဂါပိုးဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အင်္ဂါနေ့က အတည်ပြုလိုက်သည်။

အီဗိုလာရောဂါပိုးများ ကျေးလက်ဒေသမှ မြို့ပြသို့ ပျံ့နှံလာသည်နှင့် အဆိုပါ ရောဂါပိုး အလျင်အမြန် ပျံ့နှံလာမည်ကို စိုးရိမ်လာကြသည်။

သွေးရောဂါပိုးကူးစက်မှုပေါင်း ၄၄ ခုရှိခဲ့ပြီး ယင်းအနက်မှ လူနာပေါင်း ၂၃ ဦး သေဆုံးသွားခဲ့ကာ အီဗိုလာရောဂါပိုးဖြစ်ပွားမှု သုံးမှုရှိကြောင်း ဓာတ်ခွဲခန်း အဖြေအရ ကျန်းမာရေးဝန်ကြီးက အတည်ပြုလိုက်သည်။

ယခုအချိန်အထိ မဘန်ဒါကာမြို့နှင့် ကီလိုမီတာ ၁၅၀ ဝေးသော ဘီကိုရို ကျန်းမာရေးဇုန်တွင် ရောဂါပိုးကူးစက်မှုနှင့် သေဆုံးမှုများရှိနေသည်။ ထို့ကြောင့် အာဏာပိုင်များသည် ရောဂါဖြစ်ပွားသောနေရာများတွင် ရောဂါကာကွယ်ရေးများ လုပ်ဆောင်နေသည်။

လူနေထူထပ်သော နေရာတွင် ရောဂါဖြစ်ပွားမှု တစ်ခု တွေ့ရှိရခြင်းသည် ရောဂါကူးစက်မှု ထိန်းချုပ်ရေးကို ခက်ခဲသွားစေမည်ဖြစ်သည်။

ရောဂါကူးစက်မှုကို ထိန်းချုပ်၊ စောင့်ကြည့်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကျွမ်းကျင်ပညာရှင်ပေါင်း ၃၀ ကို တာဝန်ပေးထားပြီး အီဗိုလာရောဂါပိုးကာကွယ်ရေး၊ကုုသရေးဆိုင်ရာ အသိပညာပေးမှုများလည်း ပြုလုပ်နေသည်။

ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် စမ်းသပ်ဆေးပေါင်း ၄၀၀၀နှင့် အတူ အရေးပေါ်အဖွဲ့များ၊ ကိရိယာများကို ကွန်ဂိုနိုင်ငံသို့ ပေးပို့ထားသည်။ rVSV-ZEBOV ဟုခေါ်သော အဆိုပါ ဆေးဝါးသည် နယူးဂီနီတွင် စမ်းသပ်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း တွေ့ရှိခဲ့ရသည်။

Source: CNN

Advertisements
<

Leave a Reply