တရုတ်စူပါလိဂ်ကလပ်ဖြစ်တဲ့ ကွမ်ကျိုးအဲဗားဂရန်းအသင်းဟာ အာရှချန်ပီယံလိဂ် ဖလားပွဲစဉ်မှာ အသင်းရဲ့နောက်ခံကစားသမား ကျန်လင်ဖန်းရဲ့ အင်္ကျီကို တိတ်နဲ့ကပ်ကာ ဝတ်ဆင်ကစားခိုင်းတဲ့ ဝန်ထမ်းငါးဦးကို လစာဖြတ်တောက်မယ်လို့ သတင်းများက ထွက် ပေါ်လာတယ်။

ကွမ်ကျိုးရဲ့တာဝန်ရှိသူတွေက အင်္ကျီကိုတိတ်ကပ်ပြီး ဝတ်ဆင်ကစားခိုင်းတဲ့ ဝန်ထမ်းတွေရဲ့လုပ်ရပ်ဟာ အသင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ယူဆခဲ့ကြောင့် လစာဖြတ်တောက်ကာ ဒဏ်ရိုက်ဖို့ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ်ဖလား ရှုံးထွက်၁၆သင်းအဆင့် ပထမအကျော့ပြိုင်ပွဲမှာ ကွမ်ကျိုးအသင်းဟာ တီယန်ကျင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နောက်ခံလူ ကျန်လင်ဖန်းရဲ့ အင်္ကျီဟာ သွေးပေနေတဲ့ အတွက် ဒိုင်လူကြီးက အင်္ကျီအသစ်လဲလှယ်ရန် ညွှန်ကြားခဲ့ပါတယ်။

တာဝန်ကျဝန်ထမ်း တွေက သွေးပေနေတဲ့အင်္ကျီကို လဲလှယ်ဖို့အတွက် ကျန်လင်ဖန်းရဲ့ ကျောနံပါတ်၅ အင်္ကျီ
ကို ရုတ်တရက်ရှာမတွေ့တာကြောင့် နောက်ခံကစားသမား ကျန်ဝမ်ကျောင်းရဲ့ ကျောနံပါတ် ၁၅ကို အလွယ်တကူတိတ်ပတ်ကာ အစားထိုးဝတ်ဆင်စေခဲ့တယ်လို့ ဆိုပါတယ်။

ကျောနံပါတ် ၁၅ နေရာမှာ နံပါတ် ၁ ဂဏန်းနဲ့ ကစားသမားနာမည်ကို အဝါရောင်တိတ်တွေနဲ့ကပ်ပြီး ဝတ်ဆင်စေခဲ့ကာ အချိန်အနည်းငယ်ကြာမှ ကျန်လင်ဖန်းရဲ့ အင်္ကျီနံပါတ်အမှန်ကို ရှာတွေ့ ကာ ပြန်လည်လဲလှယ်ဝတ်ဆင်စေခဲ့တယ်လို့ သိရပါတယ်။

အီတလီလက်ရွေးစင်ဟောင်း ကယ်နာဗားရိုး ကိုင်တွယ်နည်းပြနေတဲ့ ကွမ်ကျိုးအဲဗားဂရန်းအသင်းဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ အာရှချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးရရှိခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ တရုတ်အက်ဖ်အေစူပါဖလားကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Ref:SCMP

Leave a Reply