မော်လမြိုင်၊ မတ် ၉ ။ ။ မော်လမြိုင်အကျဉ်းထောင်ရှိ အတွင်းသို့ ကွမ်းစားဆေးရွက်ကြီး အထုပ်သုံးထုပ်ကို အကျဉ်းထောင်အတွင်း ပစ်သွင်းခဲ့သည့် ဒုတပ်ကြပ်အဆင့်ရှိ အကျဉ်းထောင်ဝန်ထမ်းကို အလုပ်ဖြုတ်ပြီး အကျဉ်းထောင်အက်ဥပဒေဖြင့် မတ် ၆ ရက်က မော်လမြိုင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှတ်တမ်းအရ သိရသည်။

အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ်ကျော်စိုးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် ည ၇ နာရီခွဲက ကွမ်းစား ဆေးရွက်ကြီး သုံးထုပ်ကို သတင်းစာစက္ကူဖြင့်ပတ်၍ အကျဉ်းထောင်၏အပြင် တောင်ဘက်အုပ်ရိုးမှ တစ်ဆင့် ထောင်အတွင်းရှိ တိုက်အမှတ် (၃) အတွင်းသို့ ပစ်သွင်းခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှ ၎င်းကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မော်လမြိုင်အကျဉ်းထောင်မှ အမှုဖွင့်တိုင်ကြားစာမှတ်တမ်းတွင် ဖော်ပြထားသည်။

“အကျဉ်းစည်းကမ်းအရ စုံခုံဖွဲ့စစ်တယ်၊ စစ်ပြီးတော့ အဲဒီဖြစ်စဉ်ကို အကျဉ်းညွှန်ချုပ်ရုံးကို တင်လိုက်တယ်၊ အကျဉ်းညွှန်ချုပ်ရုံးကနေ စစ်ဆေးပြီးတော့ ဒီလိုပေါ်ပေါက်တဲ့အတွက် သူ့ကို အလုပ်က ထုတ်လိုက်တယ်၊ ထုတ်ပြီးတော့မှ အကျဉ်းညွှန်ချုပ်ရုံးက ဆုံးဖြတ်ချက်အရ အလုပ်ထုတ်ယုံနဲ့မရဘူး၊ ဥပဒေကြောင်းအရပါ ရေးယူရမယ်”ဟု မော်လမြိုင်မြို့မရဲစခန်းမှ တာဝန်ရှိရဲအရာရှိက ပြောသည်။

အကျဉ်းထောင်အတွင်းသို့ ကန့်သတ်ပစ္စည်းဖြစ်သော ကွမ်းစားဆေးရွက်ကြီးများ ပစ်သွင်းခဲ့သူကို မော်လမြိုင် အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက လာရောက်အမှုဖွင့် တိုင်တန်းသဖြင့် ဦးကျော်စိုးကို မော်လမြိုင်မြို့မရဲစခန်းမှ (ပ) ၉၁/၂၀၁၇၊ အကျဉ်းထောင်အက်ဥပဒေပုဒ်မ- ၄၂ အရ အမှုဖွင့် အရေးယူခဲ့ကြောင်း ၎င်းက ပြောသည်။

Written by – ခေတ်မင်း

Leave a Reply