မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် ကွမ်းသီးများသည် ယခင်နှစ်ထက် ကွမ်းသီးအထွက်နည်းသည့်အတွက် ကွမ်းသီးဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရေးမြို့နယ်တွင် ကွမ်းသီးအခြောက် ဈေးနှုန်းများမှာ ပြီးခဲ့သည့်အပတ်တွင် တစ်ပိဿာလျှင် ၄၅၀ဝ ကျပ် ရှိရာမှ ယခု မတ် ၂ ရက်တွင် တစ်ပိဿာလျှင် ၄၆၀ဝ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း ရေးမြို့နယ် ကွမ်းသီး ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမောင်အေးက ပြောကြားသည်။

“ဒီနှစ် ကွမ်းသီးထွက်တာလည်း နည်းတယ်။ ကွမ်းသီးရဲ့ အရည်အသွေးလည်း ကောင်းလာတယ်။ ပြီးတော့ ကွမ်းသီးကို တင်သွင်းဖို့ အိန္ဒိယ နယ်စပ်ကလည်း ပြန်လည်ဖွင့်တာဖြစ်တဲ့အတွက် ကွမ်းသီးဈေးနှုန်း ပြန်လည် မြင့်တက်နေခြင်းဖြစ်တယ်”ဟု ဦးမောင်အေးက ဆိုသည်။

ရေးကွမ်းသီးများကို ပြည်းတွင်းဈေးကွက်အပြင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ အဓိကထား တင်ပို့နေရပြီး အရည်အသွေးညံ့သော ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို တင်ပို့ရကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။

“ဒီနှစ် ရာသီဥတု ပူပြင်းနေတာရော ယခင်နှစ်ထက် ဒီနှစ်ကွမ်းသီးအထွက် နည်းနေတာရော ဖြစ်တဲ့အတွက် ကွမ်းသီးဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်တယ်”ဟု ကွမ်းသီးအစိုရောင်းဝယ်ရေးမှ ဦးအောင်ဆန်းဌေးက ဆိုသည်။

ကွမ်းသီးအခြောက် ဈေးကောင်းရသည်အတူ ကွမ်းသီးအစိုဈေးနှုန်းမှာလည်း မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ကွမ်းသီးအစို ဈေးနှုန်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းတွင် တစ်လုံးလျှင် ၁၈ ကျပ်ရှိရာမှ ယခု ရက်ပိုင်းတွင် ၄၅ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

Written by – ခင်နန်းဌေး

Leave a Reply