မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်စက်မှုဇုန်အတွင်းရှိ ခနောက်စိမ်း သတ္တုသန့်စင် စက်ရုံမှ အနံ့ဆိုးထွက်ရှိပါက ပြည်နယ်အစိုးရရုံး (သို့) သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြည်နယ်သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ဒေသခံပြည်သူများအနေဖြင့် စက်ရုံမှ အနံ့ဆိုးထွက်ရှိပါက အချိန်မရွေးဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြားလာပါက ချက်ချင်းကွင်းဆင်းစစ်ဆေးပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

“အနံ့ရလို့ရှိရင် သတင်းပို့တိုင်ကြားဖို့ပြောထားတယ်၊ ညဖက် တိုင်လည်း ကျွန်တော်တို့ သွားတယ်၊ စစ်ဆေးပေးတယ်၊ ကျွန်တော့ ဖုန်းနံပါတ်လည်း ပေးထားတယ်၊ သူတို့ရဲ့ အခွင့်အရေးပါပဲ၊ တိုင်ကြားနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ရိုက် တိုင်ကြားနိုင်သော ဖုန်းမှာ ၀၉-၄၅၉၀၀၅၀၀၉ ဖြစ်သည်။

ယခုအခါ ခနောက်စိမ်း သတ္တု သန့်စက်ရုံ နှစ် ရုံ ဖြစ်သော မြန်မာရှင်းရှင်းနှင့် မြန်မာ့ဆန်းဇော် ကုမ္ပဏီတို့ကို လေထုသန့်စင်သည့်စက် အစားထိုးထည့်ရန်၊ ခေါင်းတိုင်ကို ထပ်မံမြင့်တင်ရန်နှင့်် ဓာတ်ငွေ့ ယိုစိတ်မှုမရှိစေရန်အတွက် စနစ်တကျ ပြန်လည် ပြုပြင်ရန်အတွက် ညွှန်ကြားထားသောကြောင့် ပြင်ဆင်မှုများလုပ်ဆောင်နေပြီး လည်ပတ်မှု ရပ်နားထားကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ယင်းအပြင် Fule Gas Desulfurization (FGD) နည်းပညာကို အသုံးပြုပြီး ထုံးရည်ကြည်ဖြင့် သန့်စင်ခြင်းနည်းပညာကို အသုံးပြုပါက စက်ရုံမှ ထုတ်လွှတ်လိုက်သောလေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပါဝင်မှုနှုန်း ၉ဝရာခိုင်နှုန်းခန့် လျော့နည်းနိုင်ကြောင်း ၎င်းက ပြောသည်။

ဆာလဖာဒိုင်အောက်ဆိုဒ်တိုင်းတာသည့် စက်ဖြင့် သုံးရက်ခန့်အချိန်ယူကာ စစ်ဆေးမှုများ ပြုလုပ်ပေးနေပြီး ဓာတ်ငွေ့ပါဝင်မှု မြင့်မားနေပါက လျော့ချနိုင်အတွက် စက်ရုံများကို ပြင်ဆင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားနေကြောင်း ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က အဆိုပါ ခနောက်စိမ်းစက်ရုံများမှ အနံ့ဆိုးများ ထွက်ရှိနေမှုကို အစိုးရအနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ဒေသခံ ၃၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုက်ထိုက်

Leave a Reply