Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် မော်လမြိုင် စက်မှုဇုန်အတွင်းရှိ ဆန်းဇော်နှင့် မြန်မာရှင်းရှင်း ခနောက်စိမ်းစက် ရုံနှစ် ရုံ ပုံမှန်လည်ပတ်မှု စတင်လာပါက တစ်လတွင် တစ်ကြိမ် ကွင်းဆင်းကာ ပုံမှန် စစ်ဆေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“စက်ရုံတွေ ပုံမှန်လည်တော့မယ်ဆိုရင်တော့ ကျွန်တော်တို့က စစ်မှာပဲ၊ အနည်းဆုံးတော့ တစ်လကို တစ်ခါလောက်တော့ စစ်သွားမှာပဲ၊ ကျွန်တော်တို့ ကြီးကြပ်မှုကော်မတီအပြင် ပြည်နယ်အစိုးရကဖွဲ့ထားတဲ့ တိုင်ကြားစာကော်မတီကလည်း စစ်ဆေးမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ စက် ရုံ နှစ်ရုံ လည်ပတ်မှုကို စစ်ဆေးပေးရန်အတွက် နေပြည်တော်မှ တတ်ကျွမ်းသော ပညာရှင်များအဖွဲ့အား ကွင်းဆင်းစစ်ဆေးပေးရန်အတွက် ပြည်ထောင်စုကို တင်ပြတောင်းဆိုထားကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်တွင် ဆန်းဇော်ခနောက်စိမ်းစက်ရုံမှ ကုန်ကြမ်းများ ရရှိပြီဖြစ်သောကြောင့် စမ်းသပ် စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

စမ်းသပ်လည်ပတ်နေသည့် ကာလအတွင်း အနံ့ဆိုးထွက်ရှိမှုကို တိုင်းတာစစ်ဆေးထားပြီး တိုင်းတာမှု ရလဒ်များ ထွက်လာပါက ပြင်ဆင်ရန် လိုအပ်နေသည့်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

စက်ရုံများ၏ လည်ပတ်မှု၊ ပစ္စည်းထားသိုမှု၊ အနံ့ဆိုးထွက်ရှိမှု အခြေအနေများကို သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကွင်းဆင်းကာ စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေသခံများမှ တိုင်ကြားလာပါက ပြည်နယ်အစိုးရထံ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ တင်ပြမည်ဖြစ်ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုသို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဒေသခံများအနေဖြင့် အနံ့ဆိုး ထွက်ရှိမှုကို တိုင်ကြားသော်လည်း ထူးခြားမှုရှိမလာကြောင်း စက်မှုဇုန်အနီးနေထိုင်သူ ကိုမြင့်ဇော်က ပြောကြားသည်။

“ခနောက်စိမ်းက အနံ့ဆိုးထွက်ရင်တိုင်လို့ပြောတယ်၊ တိုင်လည်း ဘာထူးလို့လဲ ဘာမှ မထူးလာဘူးလေ၊ အခုလည်း ပြန်ပြီး လည်တော့မယ်ပြောတယ်၊ ဒီအတိုင်းပဲ သံသရာလည်နေမှာပဲ၊ ကျွန်တော်တို့အတွက်ကတေ့ ဘာမှအကာကွယ်မဖြစ်ပါဘူး”ဟု ၎င်းက ပြောသည်။

အနံ့ဆိုးထွက်ရှိမှုကို လျှော့ချနိုင်ရန်အတွက် အသေးစားပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရှိရကြောင်း ၊ ခနောက်စိမ်းစက်ရုံနှစ်ခုမှ အနံ့ဆိုး ထွက်ရှိနေသည့်အတွက် ပြန်လည်ပြင်ဆင်ရန် ပြီးခဲ့သည်နှစ်တွင် လည်ပတ်ခြင်းမရှိဘဲ အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply