ခနောက်စိမ်း အနံ့ဆိုး ထွက်ရှိမှုနှင့် သူတို့ အသံ

မော်လမြိုင် စက်မှုဇုန်တွင် ခနောက်စိမ်း သတ္တုသန့်စင် စက်ရုံ နှစ် ရုံ လည်ပတ်လျက်ရှိပြီး အနံ့ဆိုးများ ထွက်ရှိ၍ အနံ့မခံနိုင်ခြင်း၊ မူးခြင်းများ ဖြစ်ပေါ်သဖြင့် ဇူလိုင် ၂၂ ရက်တွင် ဒေသခံများ စုပေါင်း၍ ထိန်းချုပ်ပေးရန် ဆန္ဒပြ တောင်းဆိုထားသည်။

ထို့နောက် အစိုးရအဖွဲ့က ကုမ္ပဏီကို လေထုသန့်စင်သည့်စက် အစားထိုးထည့်ရန်၊ ခေါင်းတိုင်ကို ထပ်မံမြှင့်တင်ရန်နှင့်် ဓာတ်ငွေ့ ယိုစိမ့်မှုမရှိစေရန်အတွက် စနစ်တကျ ပြန်လည် ပြုပြင်ရန် ညွှန်ကြားထားသည်။ ထိုသို့ ပြန်လည် ပြုပြင် လည်ပတ်ရာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို သူတို့နှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဒေါက်တာမင်းကြည်ဝင်း
မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
စက်ရုံက အနံ့တွေထွက်တယ်ဆိုပြီးတော့ တိုင်တာတွေရှိပါတယ်။ တိုင်လည်းတိုင်ကြပါတယ်။ ကျွန်တော့်ဆီလည်း ဖုန်းဆက်တယ်။ သူတို့ဖုန်းဆက်တာ(၀၉၄၅၉၀၀၅၀၀၉)နဲ့ ကျွန်တော်တို့လည်း ချက်ချင်းသွားတယ်။ စစ်ဆေးတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်ကျရင် အနံ့က ပျောက်သွားပြန်ရော။ တစ်ချက်တစ်ချက် အနံ့ထွက်လာတာ ဖြစ်မှာပါ။ ဒေသခံတွေနဲ့လည်း တွေ့ဆုံပြီးပါပြီ။ သူတို့ကိုလည်း ဖုန်းနံပါတ်တွေပေးထားပါတယ်။ အနံ့ရတာနဲ့ ချက်ချင်းဖုန်းဆက်တိုင်ပါ။ ကျွန်တော်လာစစ်ဆေးပေးပါမယ်။

အခုစက်ရုံတွေကို ပြင်ခိုင်းထားတယ်။ ခေါင်းတိုင်တွေကိုလည်း ပိုပြီးမြင့်ခိုင်းထားတယ်။ ပိုပြီးသန့်စင်အောင်လည်း လုပ်ဆောင်ခိုင်းထားပါတယ်။ စမ်းသပ်လည်ပတ်တဲ့အခါမှာလည်း ကျွန်တော်တို့က သွားစစ်မှာပါ။ အနံ့ထွက်ရှိမှု ပြင်းထန်နေသေးရင် ထပ်ပြီး ပြင်ဆင်ခိုင်းမှာပါ။

ကိုဘိုဘိုဝင်း
လူမှုကယ်ဆယ်ရေးအသင်း
လက်ရှိအနံ့တွေနံနေတယ်ဆိုတဲ့အပေါ်မှာ သူတို့က Filter တွေလုပ်တယ်။ ပိုက်တွေကို ထပ်မြှင့်တယ်။ အဲလိုလုပ်နေပေမယ့်လည်း တော်တော်လေးကို လိုနေသေးတယ်။ လုပ်ဆောင်ပေမယ့် မအောင်မြင်ဘူးဖြစ်နေတယ်။ ဒီ့ထက် အနံ့ဆိုးထွက်တာ ပိုသက်သာစေမယ့် ပိုက်တွေ၊ ခေါင်းတိုင်တွေ၊ စက်ကိရိယာတွေ လိုမယ်လို့ အကြံပြုချင်ပါတယ်။

အဲဒီအနံ့ကြောင့်ဒေသခံတွေရဲ့အသက်ရှူလမ်းကြောင်းမှာ ပြဿာနာတွေဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ ခေါင်းတိုင်တွေမြင့်လိုက်တဲ့အခါမှာ မူလက ဘုရာကုန်းတို့လို့ အနီးပတ်ဝန်းကျင်ပဲ အနံ့ဆိုးထွက်ရှိတာကို ခံစားရတယ်။ အခုကျတော့ မင်းရွာတို့ဘက်လို နေရာထိတောင် အနံ့က ပျံ့လာတယ်။ ပိုပြီးဆိုးလာတဲ့ အနေအထားမျိုးဖြစ်နေတယ်။ သူတို့က ပြင်လိုက်မှပဲ အနံ့က သက်ရောက်မှု ပိုများသွားတယ်။ စက်မှုဇုန်မှာ လူတွေနေမယ့် အနေအထားကနေ ဒီအနံ့တွေကြောင့် ပြောင်းရွေ့သွားတာတွေက လက်ရှိခံစားနေရတာတွေပေါ့။

မခင်စန်းဝင်း
ဒေသခံ
ကျွန်မတို့က ဒီနားလေးမှာ နေတဲ့သူတွေဆိုတော့ နေ့တိုင်းခံစားနေရတယ်။ ကြာတော့ မခံစားနိုင်တောဘူးလေ။ တခြားသူတွေက သိမှာမဟုတ်ဘူး။ ကျွန်မတို့ခံစားရတာ ကျွန်မတို့အသိဆုံးပဲ။ ဝန်ကြီးတွေလာရင်တော့ အနံ့က မရတော့ဘူး။ ဝန်ကြီးကပြောတယ်။ သက်သေပြဖို့ ၊ ပူးပေါင်းလုပ်ဆောင်ဖို့ပြောတယ်။ ဒီအနံ့ကြီးထွက်နေတယ် ဆိုတာ ဘယ်လိုသက်သေပြရမလဲ။ အနံ့ကို ဓာတ်ပုံလည်း ရိုက်လို့မရဘူးလေ။

သူတို့ရောက်ရင် အနံ့ကမရ တော့ ဘယ်လိုသက်သေပြရမလဲ။ တော်ရုံ တန်ရုံ အနံ့ဆို ခံနိုင်တယ်။ အခုဆို လမ်းကဖြတ်သွားတဲ့သူတွေ ကိုလည်း မေးကြည့် အနံ့ရလားလို့ ကျွန်မတို့ အနီးနားတင်မဟုတ်ဘူး။ အနံ့ကတော်တော်ကို ပျံ့လာတာ၊ မခံစားနိုင်တော့လို့ ပြောတာပါ။ သူများစီးပွားရေးကို တိုက်ခိုက်တာမဟုတ်ပါဘူး။ အဲအနံ့ကြီးက ကျွန်မတို့ကို အန္တရာယ်ဖြစ်လာနိုင်မှာစိုးမိတယ်။ အလုပ်လည်းကောင်းကောင်းမလုပ်နိုင်ဘူး။ တော်တော်ဆိုးနေလို့ပါ။

ဦးတင်စန်း
ဒေသခံ

ခနောက်စိမ်း အနံ့ကတော့ တော်တော်နံတာ၊ မခံစားနိုင်ဘူး။ တိုင်ဆိုလို့ တိုင်တာပဲ ဘာအရေးယူမှု၊ ဆောင်ရွက်မှုမှမရှိတာ၊ တိုင်တာလည်းစုံနေပြီ၊ ပြည်ထောင်စုအဆင့်၊ သမ္မတအထိလည်း တိုင်ပြီးပြီ။ ဆန္ဒပြတာလည်း လုပ်ပြီးပြီ ဘာမှမထူးလာတာ။ တွေ့ဆုံပွဲမှာလည်း ပြောပြတယ်။ ဒီက အခြေအနေတွေ တင်ပြတယ်။ ဖုန်းဆက်ပြီးတော့လည်း ပြောတယ်။

တိုင်လည်းတိုင်တယ်။ ဘာမှမထူးလာဘူးလေ။ အနံ့ဆိုးတွေ ဒဏ်ကို ခံနေရတုန်းပဲ။ ကျွန်တော်တို့တွေ အကုန်အနံ့ရတယ်။ သူတို့လာစစ်တဲ့အခါ သူတို့ကအနံ့ မရဘူးပြောတယ်။ သူတို့ နှာခေါင်းတွေပဲ ပိတ်နေတာလားတော့ မသိပါဘူး။ နေစေချင်တယ်သူတို့ိကို ကျွန်တော်တို့နေရာမှာ ခဏလောက်နေပါဆိုပြီးတော့လေ။ ကျွန်တော်တို့လည်း မတိုင်နိုင်တော့ဘူး။ မပြောနိုင်တော့ဘူး။ တစ်ခုပဲရှိတယ် ၂ဝ၂ဝမှာ မဲမပေးရုံပဲပေါ့။

ကိုဟံသာ
ဒေသခံ

လက်ရှိမှာတော့ အနံ့ကတော့ မပျောက်ဘူးဗျ။ အရင်လိုပဲ ဆက်ဖြစ်နေတုန်းပဲ။ ခေါင်းတိုင်တွေ သူတို့မြှင့်ထားတယ် ပြောတယ်။ နောက်ပြီးအထဲမှာလည်း သူတို့ နည်းနည်း ပြင်ထားတယ်။ ဆင်ဆာတွေ ပြောင်းထားတာတွေ့ရတယ်။ အဲဒီဆင်ဆာပြောင်းတာကလည်း မီးခိုးကို အရောင်ပြောင်းဖို့၊ မီးခိုးငေ့ွအရောင်ကို လျှော့ချတာ၊ အနံ့ကို လျှော့ချတာမဟုတ်ဘူးဗျ။ ကျွန်တော်တို့ သိသလောက်ပေါ့။ အစိုးရဘက်က လာရောက်ဖြေရှင်းပေးတာတော့မရှိဘူး။

အခုဆို ကျွန်တော်တို့က ကိုယ့်ဘာသာကို အစည်းအဝေးလေးတွေလုပ်တယ်။ ပြီးတော့ တကယ်ခံစားရတဲ့သူတွေကို ဝန်ကြီးဆီ ဖုန်းဆက်တိုင်ကြားဖို့ ပြောတယ်။ အနံံ့နံတဲ့ နေရာအနီးတစ်ဝိုက်တွေမှာ ဝန်ကြီးရဲ့ ဖုန်းနံပါတ်တွေကို လူမြင်သာတဲ့နေရာမှာ လိုက်ကပ်မလားလို့ လုပ်နေတယ်။ အစိုးရဘက်က မသိတာတော့မဟုတ်ဘူး။ သိတယ်။ ကျွန်တော်တို့ဆို ပြည်ထောင်စုထိ တိုင်ထားတယ်။

ဒါပေမယ့် အကြောင်းမပြန်သေးဘူး။ စက်ရုံကို ရွှေသင့်တာကို မရွှေ့ဘဲနဲ့ ပြည်သူပြောတဲ့စကားတွေကို လုံးဝလက်မခံဘူး။ စက်ရုံကို ဘယ်လိုပြင်ဆင်၊ ဘယ်လိုလုပ်ဆိုပြီးပဲ ပြောနေတယ်။ ခေါင်းတိုင်မြှင့်လိုက်တဲ့အတွက် အနံ့က ဒီနားတင်မဟုတ်ဘူး။ တော်တော်ဝေးဝေးကို ပျံ့သွားတာ။ လေတိုက်တဲ့ဘက်ကို သွားနေတာပဲ။ အရှေ့ဘက်က လေတိုက်ရင် အနောက်ကခံရမယ်။ အဲလိုပတ်ချာလည်ကို ခံနေရတာ။ အဲစက်ရုံ စလည်တဲ့နေ့ ကတည်းက ကျွန်တော်တို့ ခံနေရတာပါပဲ။ ကျွန်တော်တို့ဆီမှာ လက်တွေ့ကို အနံ့နံနေတယ်။ ဒါပေမယ့် သူတို့လုပ်ဆောင်မှုဘာမှမရှိဘူး။ ဘာမှထိရောက်အောင် မလုပ်ဆောင်နိုင်ဘူး။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.