ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်အများအပြား နှစ်စဉ် ဝင်ရောက်ရာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်။

ရန်ကုန် ဧပြီ ၁၆

ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို လာမည့်နှစ် ၂၀၂၁ ခု မတ်လကုန်ထိ တစ်နှစ်တာကာလ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ယင်းသို့ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းဖြစ်ပြီး Global GDP ၁၀ ဒသမ ၄ ရာခိုင်နှုန်းကို ဖန်တီးပေးလျက်ရှိကြောင်း စစ်တမ်းများအရ သိရသည်။

ဆွေဦးမောင်

(ဓာတ်ပုံ – ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

မြတ်သွင်ဦး

Leave a Reply