Advertisements

 

ထားဝယ် အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေနှင့် ကျွန်းများသို့ အလည်အပတ်ခရီးစဉ်ကို စတင်နိုင်လျှင် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၁၉ခုနှစ်တွင် စမ်းလှမ်း- ရှင်မော်အငူ-ဘုတ်ကျွန်း နေ့ချင်းပြန်ခရီးကို စတင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

“ ဒီက(စမ်းလှမ်းကမ်းခြေ)ထွက်ဖို့တော့ စီစဉ်နေတယ်၊ ခန့်မှန်းခြေတော့ ဇန်နဝါရီလ ဖေဖေါ်ဝါရီလမှာ ဖွင့်မယ်လို့ ကျွန်မတို့ ရည်ရွယ်သွားမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

စမ်းလှမ်းကျေးရွာတွင် အောက်တိုဘာ ၂၅ရက်က ပြုလုပ်သော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ဖွင့်ပွဲတွင် ၎င်းက ယင်းသို့ ဆိုသည်။ အဓိကအားဖြင့် လျှပ်စစ်မီးရရှိရန်၊ တည်းခိုရန် ဟိုတယ်များစွာရှိရန်လိုကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောသည်။

စမ်းလှမ်းကျေးရွာတွင် ယခုစတင်လိုက်သည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း၌ ခရီးသွားဧည့်သည်များအနေဖြင့် သို့မဟုတ် စပိဘုတ်ကို အသုံးပြု၍ ကမ်းခြေခရီးစဉ်အဖြစ် စမ်းလှမ်း-တီဇစ်-ဆင်ထောင့်-ဖိုးဖိုးကျောက်-ဆက်ဆာအော်-မြင်းခွာအော်ခရီးစဉ်၊ ပင်လယ်ကျွန်းခရီးစဉ်အဖြစ် စမ်းလှမ်း-ကျွန်းဆင်းရဲ- ပဲစင်ကျွန်းနှင့် စမ်းလှမ်းမှလောင်းလုံးဘုတ်ကျွန်းရှိလိပ်သောင်ကြီးအော် နှင့်အုန်းပင်အော်သို့ နေ့ချင်းပြန်ခရီးသွားခွင့်ရရှိမည်ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။

လက်ရှိအချိန်တွင် ဘုတ်ကျွန်းကို လည်ပတ်ခွင့်ရရှိနေပြီဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များက အခြား ကမ်းခြေနှင့် ကျွန်းများ ခရီးစဉ်ထက် ဘုတ်ကျွန်းသို့ လည်ပတ်ရန် ပိုမိုစိတ်ဝင်စားကြကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဒေါ်မိုးသူက ပြောသည်။

လောင်းလုံးမြို့နယ်တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းကို တည်ဆောက်လုပ်ကိုင်ရန် Excellent Fortune Development Group မှ တာဝန်ရှိသူများက တိုင်းအစိုးရအဖွဲ့ထံ အောက်တိုဘာ ၉ ရက်တွင် လာရောက်အဆိုပြုခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်

ကုမ္ပဏီအနေဖြင့် လောင်းလုံးမြို့မှ ဖိုးဖိုးကျောက်ကမ်းခြေအောက်အထိ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်းများ လုပ်ကိုင်ရန် အဆိုပြုခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၁ဘီလီ ယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ယင်းကုမ္ပဏီဖက်က တင်ပြထားကြောင်း သိရသည်။

တင့်လွင်

Leave a Reply