ခရောင်းလမ်းထက်က ကျောင်းတော်သာ

(မော်လမြိုင် လူငယ်သင်တန်းကျောင်းသို့တစ်ခေါက်)

“ကျောင်းမှာက ပြစ်မှုကျ ကလေး ၁၀၇ ယောက်နဲ့ မိဘမဲ့ လေလွင့် ကလေးသူငယ် ၃၀ ရှိနေတယ်”

မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၏ ယခုလက်ရှိ ကျောင်းသားအရေအတွက်ကို ကျောင်းအုပ်ဆရာကြီး ဦးဧရာဦးက ယင်းသို့ ပြောသည်။

ကလေးသူငယ်ဥပဒေပုဒ်မ ၄၇ (ဃ)အရ သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးများမှ ပို့အပ်လာသော အသက် ၁၈ နှစ်အောက် ကလေးများ၊ အသက် ၇ နှစ်ပြည့်ပြီး ခိုကိုးရာမဲ့ ကလေးများ၊ ဖော်ပြပါဥပဒေ ပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးများကို ထိန်းသိမ်းထားရှိရာ ကျောင်းပင်။
ကျောင်းမှာ မော်လမြိုင် – ကျိုက္ခမီလမ်းမကြီးဘေး စမ်းကြီးရပ်တွင် တည်ရှိပြီး မြို့တွင်းမှ ၄ မိုင် ၇ ဖာလုံ ကွာဝေးသည်။

လက်ရှိလက်ခံထားသော ကလေးအမျိုးအစားအလိုက် အရေအတွက်မှာ ဌာနပိုင်ကလေးဟု အလွယ်ခေါ်သည့် လူမှုဝန်ထမ်းဦးစီးဌာနက စောင့်ရှောက်ထားသည့် ကလေး ၁၂ ဦး၊ ကလေးသူငယ်ဥပဒေအရ ၂၂ ဦး၊ တရားရုံးမှ ယာယီပို့အပ်ထားသူ ၁၁ ဦး၊ အပြစ်ကျ ၉၂ ဦး ရှိသည်။
ကလေးသူငယ်ပေါင်း ၁၃၇ ဦးပင်။ မွန်၊ ကရင်၊ တနင်္သာရီ ဒေသများမှအပြင် ရန်ကုန်ဘက်မှ ရောက်လာသူအချို့လည်း ရှိနေကြောင်း သိရသည်။

“၁၉၉၀ ဝန်းကျင်မှာ မိဘမဲ့နဲ့ လေလွင့် ကလေးသူငယ်တွေကို ထိန်းသိမ်းထားရှိတာများခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ပြစ်မှုကြောင့် ပြစ်ဒဏ်ကျ ကလေးသူငယ်တွေဟာ ၇၀ % အထိ တိုးလာတယ်” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

ယင်းကာလအတွင်း စွဲဆိုထားသော ပြစ်မှုအများစုမှာ ပုဒ်မ ၃၈၀ ၊ ဖောက်ထွင်းခိုးယူမှု၊ ပုဒ်မ ၃၇၉၊ သက်ငယ်မုဒိမ်းမှုတို့ ဖြစ်နေကြောင်း သိရသည်။

ပြစ်ဒဏ်ကျ ကလေးသူငယ်အချို့နှင့်ပတ်သက်၍ “ကလေးတွေရဲ့ စိတ်က အရမ်းကို နူးညံ့တယ်။ သူတို့ ပြစ်မှုသာ ဖြစ်လာကြတယ်။ အဓိကက ပတ်ဝန်းကျင်(Community)ရယ်၊ မိသားစု (Family)ရယ် ၂ ခုက ပျက်စီးနေတဲ့အချိန်ကျတော့လေ Familyကလည်း သူ့ဟာသူ မိသားစုပြဿနာ၊ အသက်ရှူကြပ်တဲ့ ပြဿနာကို ရုန်းကန်နေရတယ်၊ သူတို့ကို လှည့်မကြည့်နိုင်ဘူး။ ပတ်ဝန်းကျင်ကိုရောက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ကလည်း အဲလို (ဆိုးသွမ်း)စရိုက်ကလေးတွေနဲ့ ရှိနေကြတယ်။ အဲဒီအချိန်မှာ ကလေးတွေက ပျက်စီးသွားတယ်၊ ပျက်စီးပြီးတော့ ဒီနေရာကို ရောက်လာကြတယ်”ဟု ကျောင်းအုပ်ဆရာကြီးက မှတ်ချက်ပြုသည်။

ကလေးသူငယ်အချို့၏ နဂိုဗီဇမှာ မူလကတည်းက ဆိုးသွမ်းစရိုက် ရှိနှင့်ကြောင်း သူက အသိအမှတ်မပြုချေ။ ပြုစုစောင့်ရှောက်သောနည်းဖြင့် ထိန်းမတ်ကုစားနိုင်မည်ဟုလည်း သူ အပြည့်အဝ အခိုင်အမာ ယုံကြည်နေသည်။

ကလေးတစ်ဦးလျှင် တစ်နေ့တာ စားသောက်စရိတ် နိုင်ငံတော်က ခွင့်ပြုငွေမှာ ကျပ် ၁,၀၀၀ ဖြစ်သည်။ ယင်းငွေဖြင့် ကျွေးမွေးနေခြင်းဖြစ်သည်။

“ကျွနု်ပ်တို့သည် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများကို ချစ်မြတ်နိုးပါမည်”

နေ့လည်စာထမင်းမစားမီ ကျောင်းသားများ သံပြိုင် ရွတ်ဆိုရသည့် လူငယ်အဓိဋ္ဌာန် ငါးချက်မှ ကနဦးစာသားပင်။

အခါအားလျော်စွာ အလှူရှင်များ လာရောက်တတ်သည်မှန်သော်လည်း စားသောက်မှုကိစ္စအတွက် နိုင်ငံတော်မှ ချမှတ်ခွင့်ပြုထားသော ကျပ်တစ်ထောင်နှင့် ကျောင်းဝင်းစိုက်ခင်းကို အဓိက အားပြု ရှင်သန်နေကြခြင်းဖြစ်သည်။ လတ်တလောတွင် ယင်းမှာ ဖူလုံလောက်ငှသည်ဆိုသော်လည်း ကျောင်းအုပ်ဆရာကြီးက ယခုလက်ရှိ ဧက ဝက်အကျယ် ဟင်းသီးဟင်းရွက် စိုက်ခင်းကို တစ်ဧကထိ တိုးချဲ့လိုကြောင်း ပြောသည်။

“လက်ရှိမှာတော့ ချဉ်ပေါင် စိုက်တယ်၊ ဘူး စိုက်တယ်၊ ခရမ်း၊ ကန်စွန်း စသဖြင့် စိုက်ထားတယ်”ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

စိုက်ပျိုးရေးသင်တန်းကို ၁၃၇ ဦး တက်ရောက်နေသော်လည်း မွေးမြူရေးလုပ်ငန်းကိုမူ ဌာနမှ ခွင့်မပြုကြောင်း သိရသည်။

“ကျောင်းဝင်းထဲမှာ ရာဘာပင် ၇၈၀ လောက် စိုက်ထားတာ ရှိတယ်”ဟု ဒုတိယ ကျောင်းအုပ်ဆရာကြီး ဦးညီညီဝင်းက ပြောသည်။ လက်ရှိတွင် ရာဘာစေး လှီးခြစ်ရန် အစမ်းပျိုးဆဲကာလ ဖြစ်သည်။

ယင်းမှ ဝင်ငွေရရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြကာ အသုံးစရိတ် မျှဝေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ကျောင်းသားများနှင့်အတူ ထမင်းစားခန်း မျက်နှာကြက်ကို ဆေးသုတ်ရင်း သူက ပြောပြသည်။

အပတ်စဉ် တနင်္လာမှ သောကြာထိ တူညီဝတ်စုံအတွက် နိုင်ငံတော်က သီးခြားဘတ်ဂျက်အနေဖြင့် ကျပ် သိန်း ၆၀ ဝန်းကျင်ခန့် ချမှတ်ပေးသည်ဟု ကျောင်းအုပ်ကြီးထံမှ သိရသည်။

၉ ဧကခွဲခန့် ကျယ်ဝန်းသော ကျောင်းဝင်းအတွင်း ကျောင်းသားအိပ်ဆောင် တစ်ဆောင်ရှိနေပြီး ယင်းမှ ထမင်းစားဆောင် စားဖိုဆောင်သို့ ပေါင်းကူးလမ်းကလေး သွယ်တန်းထားသည်ကို တွေ့မြင်ရပြီး မလှ
မ်းမကမ်းမှ ဘောလုံးကွင်းကို မြက်များ စိုက်ပျိုးရန် ကျောင်းသားအချို့ ပြင်ဆင်နေကြသည်။

“လာမယ့်နှစ်မှာတော့ အိပ်ဆောင်တန်းလျားရှည် တစ်ဆောင် ထပ်ဆောက်ဖို့ တင်ပြရဦးမယ်။ ကျောင်းသားတွေအတွက် သံသေတ္တာ လုံးရေ ၁၅၀ လောက်လည်း တင်ပြမယ်”ဟု ဦးဧရာဦးက ဆိုသည်။

သောက်ရေ သုံးရေ၊ စိုက်ခင်းပျိုးခင်းအတွက်ရေ တို့ကို လက်ရှိတွင် ရွှေနတ်တောင်ဆည်မှ ရယူသုံးစွဲနေသည်ဖြစ်ရာ အဝီစီတွင်းတစ်တွင်း တူးဖော်ရန်လည်း သူက ဆန္ဒရှိနေသည်။

အတန်းပညာသင်ကြားပေးမှုမှာ အခြေခံပညာ မူလတန်း ၁၁ ဦး၊ အလယ်တန်း ၆ ဦး၊ အထက်တန်း ၄ ဦးအပြင် ပညာရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးလည်း ရှိနေသည်။

အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုမှာ ဆံသ သင်တန်းနှင့် ဝရိန်သင်တန်းကို ယခု ၁၅ ဦး တက်ရောက်နေကြပြီး ပွင့်လင်းရာသီတွင် မုန့်မျိုးစုံသင်တန်း ဖွင့်လှစ်ပို့ချပေးနိုင်ဖို့ သူတို့ လုံးပမ်းနေကြကြောင်း သိရသည်။

ဝပ်ရှော့ ကွန်ပြူတာပြင် ဖုန်းပြင် အစရှိသည့် ပြင်ပ လုပ်ငန်းရှင်တို့ထံ စေလွှတ်ပို့အပ်ထားသော အသက် ၁၇ နှစ်နှင့် ၁၈ ကြား လူငယ်အချို့လည်း ရှိနေသည်။ ယင်းအနက်မှ တစ်ဦးမှာ မောင်သန့်စင်ဦးပင်။

“ကျောင်းကို ရောက်လာတာ ဆရာကြီး ဦးဧရာဦးနဲ့ပါဆို ကျောင်းအုပ် ၅ ဆက်လောက် ရှိခဲ့ပြီ”ဟု သူက ပြောပြသည်။ ကျောင်းမှ လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များနှင့် လက်တွေ့ဘဝကို ဖြတ်သန်းရင်ဆိုင်ရန် ရာနှုန်းပြည့် ယုံကြည်သည်ဟု သူက ဆိုသည်။

လက်ရှိအချိန်တွင် သူ့ကို ဆရာကြီးက ပြင်ပ လုပ်ငန်းရှင်ထံ စေလွှတ်ပို့အပ်ထားသလို သူက ကျောင်း၏ ရုံးလုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ သူ တာဝန်မျှယူ ကူညီလျက်ရှိသည်။

မည်သို့ဆိုစေ အသက် ၁၈ နှစ် ပြည့်ချိန်မှာတော့ သူ ကျောင်းမှ ထွက်ခွာရပေတော့မည်။

အသက် ၄၀ ကျော်အရွယ်ရှိသည့်တိုင် ကျောင်းတွင်ပင် အနေမြဲခဲ့သူများထဲက တစ်ဦးမှာ ကိုသောကြာ ဆိုသူပင်။ ဘယ်နှခုနှစ်က ဒီကို ရောက်သလဲ မေးတော့ သူ မဖြေနိုင်ချေ။

ကျောင်းဝင်းရှေ့ကို လက်ညှိုးညွှန်ပြရင်း “၈၈ တုန်းက ဆန္ဒပြတဲ့သူတွေ ဒီရှေ့က ဖြတ်သွားတယ်ဗျာ၊ ဦးသန်းရွှေခေတ်တို့ ဦးသိန်းစိန်ခေတ်တို့လည်း ဒီမှာရှိတယ်”ဟုသာ သူက ဆိုသည်။

ဖွဲ့စည်းပုံအရ ခွင့်ပြုအင်အား ၂၀ ဦးတွင် ၁၅ ဦး လက်ရှိခန့်ထားပြီး ၅ နေရာ လစ်လပ်နေသည်။ ကြီး ငယ် ရွယ်လတ် ကျောင်းသားအတော်များများကတော့ ဝန်ထမ်းအမျိုးသမီးတို့ကို ‘ဆရာမ’ဟူသော အသုံးအနှုန်းဖြင့် မခေါ်ဝေါ်ကြဘဲ ‘အမေ’ဟု ခေါ်ကြသည်ကို တွေ့ရသည်။

အခက်အခဲများ လိုအပ်ချက်များကြားက ဦးဧရာဦးကတော့ “ကျွန်တော်တို့ကျောင်းက ထွက်သွားတဲ့ ကျောင်းသားတွေက အပြင်လောက လုပ်ငန်းနယ်ပယ်မှာ အကောင်းဘက်က ပြောစမှတ်တွင်နေရမယ်”ဟု သူ့ရည်မှန်းလျာထားချက်ကို ယုံကြည်စွာ ပြောပြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိနေသည်။ မွန်ပြည်နယ်၏ လူဦးရေပိရမစ်ဇယားအရ အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အုပ်စု အချိုးအစားမြင့်မားနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများအားကာကွယ် စောင့်ရှောက်ရန် ၁၉၉၁ သြဂုတ် ၁၅ ရက်နေ့တွင် ကလေးသူငယ်ရပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (Convention on the Rights of Child, CRC) ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။

အင်္ဂလန်နိုင်ငံအခြေစိုက် Save the Children အဖွဲ့၏ End of Childhood Index 2017 အစီရင်ခံစာ၌ ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံအနက် မြန်မာနိုင်ငံမှာ အဆင့် ၁၁၂ ဖြစ်ကြောင်း တွေ့ရသည်။

သင်တန်းသားများအား လူမှုဆက်ဆံရေးနည်းလမ်းများ၊ စာရိတ္တတိုးတက် ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ပေးခြင်း၊ အခြေခံပညာနှင့် အသက်မွေး ပညာရပ်များကို ပြင်ပ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက် မပြတ် သင်ကြားပေးနိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေး မဆုံးရှုံးရစေရေး ဆောင်ရွက်ရာတွင် အခွင့်အရေး အခြေပြုနည်းလမ်း Right Based အနှစ်သာရများဖြင့် ဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုချက်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယခုနှစ် မေလ ၂၁ ရက်တွင် အကြံပြု ပေးပို့ထားရှိသည်။

လူ့အဖွဲ့အစည်း၏ တစ်ထောင့်တစ်နေရာမှ လူငယ်ပြုစု ပျိုးထောင် လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုကတော့ မော်လမြိုင်မြို့တွင် တည်ထောင်ဖွင့်လှစ်ထားသည်မှာ ၁၉၆၃ ဇွန်လ ကတည်းကဖြစ်၍ သက်တမ်း နှစ်ပေါင်း ၅၀ ကျော် ကျော်ခဲ့ပြီလည်း ဖြစ်သည်။

လူမှုရေးစောင့်ရှောက်ပေးမှု၊ အတန်းပညာသင်ကြားပေးမှု၊ ကျောင်းပြင်ပ ပညာသင်ကြားပေးမှု၊ သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုအပြင် စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နောက်၂နှစ်ဝန်းကျင်ကာလအတွင်း သူ ဆက်လုပ်မည့် လုပ်ငန်းအစီအစဉ်တို့ သူ့ထံ အသင့်ရှိနေကြောင်း ပြောပြသည်။

“စည်းကမ်းသည်သာ ပဓာန”ဟုပဲ သူက တတွင်တွင် ပြော၏။ ။

မြတ်သွင်ဦး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.