အကြိမ်ကြိမ်ခွဲစိတ်ပြီးနောက်ပိုင်းပုံ/ဓါတ်ပုံ – မပြည့်ပြည့်

Written by Moe Moe
HI Burma
May 14, 2020

“လူသားချင်းစာနာတယ်ဆိုတော့ ကျမက လူသားမဟုတ်လို့လား။ အပြစ်သားကို စာနာပြီး ဘဝပျက်ခဲ့တဲ့ မိန်းကလေးကိုရော မစာနာတော့ဘူးလား”

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတက လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ဆိုပြီး နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူတွေကို ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဟာ အကျဉ်းကျသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် မင်္ဂလာသတင်းတစ်ခုပါ။

ဒါပေမဲ့ ဘယ်ဘက်မျက်နှာတခြမ်းကို ဆံပင်နဲ့ဖုံးကွယ်ထားတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအတွက်တော့ တုန်လှုပ်သွေးပျက်စရာ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးက “သို့ ဥပဒေ.. ကျမနဲ့ ကျမမိသားစုလုံခြုံရေးကို ဘယ်သူတာဝန်ယူပေးမှာလဲ” ဆိုပြီး သမ္မတရဲ့ လွတ်ငြိမ်းခွင့်ထုတ်ပြန်ပြီး တပတ်အကြာမှာ သူမရဲ့ facebook စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။

မျက်နှာတခြမ်း ဆံပင်နဲ့ကွယ်ထားပေမယ့် နှာခေါင်း မေးစေ့၊ လည်ပင်းမှာရှိနေတဲ့ မီးလောင်ထားသလို အသားအရေတွန့်နေတဲ့ ဒဏ်ရာတွေကတော့ အထင်းသား ဖြစ်နေပါတယ်။

သူမကတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က အက်စစ်နဲ့ အပက်ခံခဲ့ရသူ မပြည့်ပြည့် (အမည်လွှဲ) ဖြစ်ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြောင့် အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူ ၂၅,၀၀၀ နီးပါး (၂၄,၈၆၉ ဦး) ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ရခဲ့ပြီး အဲဒီထဲမှာ သူမကို အက်စစ်နဲ့ပက်ခဲ့တဲ့ ရည်းစားဟောင်းဆိုသူ အသက် ၂၉ နှစ်အရွယ် မောင်မိုးမင်းသူလည်း ပါဝင်ခဲ့ပါတယ်။

သူ့ကို ချစ်သူအဖြစ်ကနေ လမ်းခွဲလိုက်တဲ့အပေါ် မကျေနပ်မှုကြောင့် ၂၀၁၆ ခုနှစ်မေလမှာ သူမဖခင်နဲ့အတူ ဆိုင်ကယ်မောင်းလာစဉ် လမ်းခုလတ်မှာ ကျူးလွန်သူက အက်စစ်နဲ့ နှစ်ကြိမ် ပက်ခဲ့တာဖြစ်ပါတယ်။

ပြင်းထန်စွာ နာကျင်စေမှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄ အရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်ကျခံဖို့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ သံဖြူဇရပ်မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ ထောင်ဒဏ် ၃ နှစ်ကျော် (၄ နှစ်နီးပါး) ပဲ ကျခံခဲ့ရပြီး လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်လာတာဖြစ်ပါတယ်။

တရားရင်ဆိုင်ခဲ့တဲ့ ကာလအတွင်းမှာလည်း“ထောင်က ပြန်လွတ်လာရင် နင်မလွယ်ဘူး” ဆိုပြီး ကျူးလွန်သူက ပြည့်ပြည့်ကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါကြောင့် ထောင်သက်မပြည့်ဘဲ သူလွတ်လာပြီဆိုတဲ့ သတင်းဟာ သူမကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပါတယ်။ ဒီထိတ်လန့်မှုဟာ သူမကို ခြိမ်းခြောက်ထားတဲ့သူ အလွယ်တကူလွတ်လာလို့ ထိတ်လန့်တာလား၊ လူတစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သူကို သက်ညှာလိုက်တဲ့ တရားဥပဒေရဲ့ မမျှတမှုကို ထိတ်လန့်တာလားဆိုတာကိုတောင် မဝေခွဲတတ်အောင် ဖြစ်ခဲ့ရပါတယ်။

“လူသားချင်းစာနာတယ်ဆိုတော့ ကျမက လူသားမဟုတ်လို့လား။ အပြစ်သားကို စာနာပြီး ဘဝပျက်ခဲ့တဲ့ မိန်းကလေးကိုရော မစာနာတော့ဘူးလား”

ပြည့်ပြည့်က သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် တုံ့ပြန်ခဲ့တာပါ။

အက်စစ်နဲ့ပက်မှုကြောင့် သူမရဲ့ ဘယ်ဘက်မျက်နှာတခြမ်းလုံး၊ မျက်လုံးတစ်လုံး၊ နားတစ်ဖက်လုံး ပျက်စီးသွားခဲ့ရပြီး လည်ပင်း၊ ပခုံး၊ လက်နှစ်ဖက်နဲ့ ရှေ့ရင်ဘတ်တခြမ်းလုံး အက်စစ်လောင်ကျွမ်းမှုကြောင့် ခွဲစိတ်ကုသမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။

“အက်စစ် ဆိုတာ ဓါးထက်ပြင်းတဲ့ လက်နက်။ သွေးမထွက်ဘဲ လောင်ကျွမ်းနေတဲ့ နာကျင်မှုမျိုးပါ။ ဘယ်လို နာကျင်မှုလဲ ဆိုတာကိုတောင် ကျမ ဖော်ပြဖို့ စကားလုံး ရှာမရပါဘူး”

အခုချိန်ထိ သူမရဲ့ အက်စစ်ဒဏ်ရာတွေကြောင့် ခွဲစိတ်ခန်း ၈ ကြိမ်ထိ ဝင်ခဲ့ဖူးပြီး နောက်ထပ်လည်း ခွဲစိတ်ရဖို့ အများကြီးရှိနေဆဲပါ။ သူမရဲ့ မျက်လုံးတစ်ဖက်ဟာလည်း အက်စစ်ဒဏ်ကြောင့် အခုချိန်ထိ မျက်ရည်ကျကျနေသလို သူမနှာခေါင်းကလည်း အသက်ရှူမဝတာတွေ ခုထိ ခံစားနေရတုန်းပါ။

“သူကတော့ သူ့မိသားစုနဲ့ ပျော်နေလောက်ပြီ။ ကျမက တစ်ဘဝလုံးနဲ့ ယှဉ်ရတာ။ ဒီဒဏ်ရာက၊ ဒီမျက်နှာက တစ်သက်လုံး ကျမ မြင်သွားရမှာလေ။ အဲဒါကြောင့်မို့ လုံး၀ မတရားဘူး”

ပြစ်ဒဏ်သတ်မှတ်တာက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့သာ ဆိုင်ပေမယ့်လည်း ရုပ်ဆင်းအင်္ဂါပျက်စီးသွားတာဟာ မိန်းကလေး တစ်ယောက်အတွက်တော့ အသက်သေတာနဲ့ ထပ်တူတာကြောင့် ပြစ်ဒဏ် ၇ နှစ်ဆို ၇ နှစ်စလုံးကျခံသင့်ကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ ခင်စိုးစိုးကြည်က မှတ်ချက်ပြုပါတယ်။

“ဒီအမျိုးသားသည် ပြစ်ဒဏ်ချမှတ်ချိန်မှာ စိတ်ထား ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးပေါ့။ အဲ့လို မဟုတ်ခဲ့ဘူး ဆို ရင်တော့ မိန်းကလေးနဲ့ ပတ်ဝန်းကျင် မှာကတော့ အများကြီး သတိထားရမှာပေါ့” ဟု ဒေါက်တာ ခင်စိုစိုးကြည်က ဆက်ပြောပါတယ်။

မူရင်းပုံနှင့် အက်ဆစ်နှင့် ပက်ခံရပြီးနောက်ပိုင်းပုံ /ဓါတ်ပုံ – မပြည့်ပြည့်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသူ/သားတွေကို လွှတ်ပေးတိုင်း မုဒိမ်းသမားတွေ၊ ဆိုးသွမ်းတဲ့ ဒုစရိုက်သမားတွေပါ ပါဝင်ခဲ့တယ်ဆိုတဲ့ ဝေဖန်ရှုတ်ချမှုတွေက သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက ရှိခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အစိုးရ သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ဥပဒေသမားဖြစ်တဲ့အတွက်ကြောင့် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းမိန့်အောက်မှာ စိစစ်မှုတွေ မလုပ်ခဲ့ဘူးလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အစာထဲမှာလည်း အမှုအတိမ်အနက် ကြီးလေးမှုအပေါ် ကန့်သတ်ထားခြင်းမရှိထားပါဘူး။

လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ကျူးလွန်သူ အမျိုးသားပါရတဲ့အကြောင်းက ပြစ်ဒဏ်ကာလ ၄ ပုံ ၁ ပုံ လျော့ပေါ့တဲ့ထဲမှာ အကျုံးဝင်တာကြောင့် ဖြစ်တယ်လို့ မောင်လမြိုင်အကျဉ်းထောင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နိုင်ငံတော် သမ္မတရဲ့ Authority (လုပ်ပိုင်ခွင့်အာဏာအရ) ပဲပေါ့။ ဌာနကလည်း လုပ်လို့ မရဘူး။ သမ္မတက သူတို့ကို သနားငဲ့ညာသော အားဖြင့်ပေါ့။ သူတို့ကို လွှတ်တယ် ဆိုတာက သမ္မတရဲ့ အမိန့်နဲ့ လွှတ်လို့ရတာလေ” လို့ သူက ဆက်ပြောပါတယ်။

ပျဉ်းမနားမြို့ တရားလွတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကတော့ သမ္မတကို တင်ပြတဲ့ လွှတ်မယ့်သူစာရင်းမှာ ချို့ယွင်းချက်တွေ ရှိနိုင်သလို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ တယောက်ချင်းစီတိုင်းရဲ့ ပြစ်မှုတွေကို သမ္မတအနေနဲ့ မသိနိုင်တဲ့အတွက်ကြောင့် အောက်ခြေက တင်လာတဲ့စာရင်းအတိုင်း လွှတ်လိုက်ရာမှာ မလွှတ်သင့်သူတွေပါ ပါသွားတာမျိုးဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

အက်စစ်နဲ့ပက်ခဲ့သူ အမျိုးသားဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ထောင်ဒဏ်သက်ညှာမှုတစ်ခုတည်းကိုပဲ ရခဲ့တာမဟုတ်ပါဘူး။

အဆိုပါအမျိုးသားရဲ့ အမှုကို စတင်အမိန့်ချခဲ့တဲ့ ကာလမှာလည်း သံဖြူဇရပ်မြို့နယ် တရားရုံးရဲ့ သက်ညှာမှုတွေကိုလည်း ရခဲ့ဖူးတယ်လို့ ဆိုရမှာပါ။

အမှန်တော့ ပြင်းထန်စွာ နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၆ ဟာ အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀) အထိ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ချမှတ်ပိုင်ခွင့်ရှိပေမယ့် သူ့ကို တရားရုံးက ထောင်ဒဏ် ၇ နှစ်ပဲ ကျခံဖို့ ချမှတ်ခဲ့တာပါ။

အဲဒါအပြင် သူ့ကို အမှုစွဲခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ပုဒ်မ ၃၂၄ ကိုလည်း ပုဒ်မတခုချင်းစီရဲ့ ပြစ်ဒဏ်အလိုက်ချလိုက်မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်လောက်ထိ ကျနိုင်ပေမယ့် ပြစ်မှုတွေ တပေါင်းတည်း ကျခံစေတာဖြစ်တဲ့အတွက် ၇ နှစ်ထိပဲ ကျခံခဲ့ရတာပါ။

ခုတော့ သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ်ပြည့်အောင်တောင် အပြစ်ဒဏ် မခံရတာဟာ လုံး၀ တရားမျှတမှုမရှိပဲ ဥပဒကို ယုံကြည်ဖို့ တွန့်ဆုတ်သွားရတယ်လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။

ထိခိုက်နစ်နာသူ ပြည့်ပြည့်ကတော့ အကျည်းတန် ပျက်စီးသွားတဲ့ သူမရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအတွက် လူမှုရေးဆိုင်ရာ တရားမျှတမှုတောင် ခံစားခွင့် မရခဲ့ပါဘူး။

သူမရဲ့ ဒဏ်ရာတွေအတွက် သူမရဲ့ တာဝန်တွေပဲဖြစ်ခဲ့ရပါတယ်။

သူမအမှုကို ကူညီပေးတဲ့ အက္ခရာအမျိုးသမီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေအပါအဝင် သူမတို့ရဲ့ ပိုင်ဆိုင်မှုတွေ ထုခွဲရောင်းချပြီး ဒဏ်ရာတွေကို ရသလောက် ကုသခဲ့ရပါတယ်။

“တစ်ခါတည်းနဲ့ အကုန်ပျောက်နိုင်တာမှမဟုတ်တာ။ တစ်ခါခွဲစိတ်ရင် သိန်း ရာချီကုန်တာ၊ အဲဒီကုန်ကျစရိတ်ကို ဘယ်လိုဖြေရှင်းမလဲ၊ ကျမ မိဘတွေ ပိုင်ဆိုင်မှုတွေ ရောင်းရတာပါ။ အလှူရှင်တွေရှိပေမယ့် ပြည့်ပြည့်၀၀ ဘယ်သူလှူပေးနိုင်မှာလဲ” လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုကလည်း သူမအတွက် လုံလောက်တဲ့ အထောက်အပံ့ မဖြစ်ခဲ့ပါဘူး။ အက်စစ်ကြောင့် မျက်နှာတခြမ်းလုံး ရုပ်ပျက်စီးခဲ့တဲ့ သူမကို အိမ်ပြင်ထွက်တိုင်း စူးစမ်းတဲ့ ပတ်ဝန်းကျင်ဟာ သူမရဲ့ စိတ်ဒဏ်ရာတွေကို ပြန်ပြန်ဆွခဲ့ပါတယ်။

“အပြင်မထွက်ရဲဘူး။ ထွက်လို့ရှိရင် စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်၊ မေးတယ်၊ ကိုယ်အပျိုလားကအစ မေးတော့လေ၊ ထပ်ခါထပ်ခါမေးတော့ စိတ်က အတိတ်ကို ပြန်ပြန်ရောက်သွားတော့ ဒီဒဏ်ရာပဲ ထပ်ခါ ထပ်ခါ ပြန်ရနေတယ်။ တခါတလေ လူတွေနဲ့ ရှောင်ချင်တာ၊ လူတွေရှေ့မှာ မနေချင်တော့တာ”

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ခံရသူတွေအတွက် လူမှုရေးဆိုင်ရာ နစ်နာမှုအတွက် ဥပဒေကုစားမှုအနေနဲ့ တရားမမှုစွဲဆိုပြီး ကျူးလွန်သူတွေဆီကနေ လျော်ကြေးနစ်နာကြေးတွေကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

ဒါပေမဲ့ နစ်နာသူအတွက် ဥပဒေအရ ပြည့်ပြည့်စုံစုံ ပြဌာန်းထားပေမယ့် မြန်မာနိုင်ငံမှာ လူမှုရေးဆိုင်နာ နစ်နာမှုအတွက် ထည့်သွင်းစဉ်းစားတဲ့ ယဉ်ကျေးမှုတရပ် အားနည်းနေသေးတယ်လို့ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ဝေဖန်ထောက်ပြထားပါတယ်။

“ တချို့လူတွေက ပြောတယ်။ ဒါက ဝဋ်ရှိလို့ ခံရတာတဲ့။ မတရားဘူးလေ။ ကျမလည်း ဘဝနဲ့ပဲ” ပြည့်ပြည့်က ပြောပါတယ်။

အကြိမ်ကြိမ် ခွဲစိတ်ပြီးတာတောင် ပုံမှန်မဖြစ်လာနိုင်တဲ့ အက်စစ်ဒဏ်ရာတွေကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျခဲ့ပေမယ့် မိဘတွေရဲ့ ပံ့ပိုးမှု၊ အမျိုးသမီးအဖွဲ့အစည်းအပါအဝင် သူငယ်ချင်းမိတ်ဆွေအချို့ရဲ့ အားပေးမှုတွေကြောင့် သူမဘဝကို သူမကိုယ်တိုင် ရုန်းထဖို့ ကြိုးစားခဲ့ပါတယ်။

ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်နေရင်းမှာပဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းမှာပဲ မိဘတွေရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ကာယကံရှင်အမျိုးသမီးဟာ သြစတြေးလျားနိုင်ငံမှာ အလုပ်တဖက်နဲ့ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ သူမမျက်နှာအကြောင်းကို အရေးတယူ မစပ်စုတတ်တဲ့ တိုင်းတပါးလူမှုအသိုင်းအဝိုင်းမှာ သူမရဲ့ အက်စစ်လောင်ကျွမ်းထားတဲ့ မျက်နှာတခြမ်းကို ကုတ်ဝဲဆံပင်နဲ့ တခြမ်းဖုံးပြီး အလုပ်လုပ်ရင်း ကျောင်းတက်ရင်း အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့ ဒဏ်ရာတွေ ကုစားလို့တောင် မပြီးသေးခင်မှာပဲ တရားခံပြန်လည်လွတ်မြောက်လာချိန်မှာ ခံပြင်းစိတ်နဲ့ စိုးရိမ်စိတ်တွေ ရောယှက်ခဲ့ပါတော့တယ်။ သူမရဲ့ မိဘနှစ်ပါးနဲ့ မိသားစုဝင်တွေက မွေးရပ်မြေမှာ ကျန်ရစ်နေဆဲဖြစ်နေတဲ့အတွက် သူတို့တွေရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရဆဲဖြစ်သလို သူမ မြန်မာနိုင်ငံပြန်လာတဲ့အခါ လုံခြုံမှုရှိပါ့မလားဆိုတာလည်း တွေးပူစရာဖြစ်လာခဲ့ပါတယ်။

“သူဒီလိုလုပ်လို့ မိန်းကလေးတစ်ယောက် ဘဝပျက်တဲ့အထိဖြစ်သွားတဲ့အပေါ်မှာ သူက ၄ နှစ်လောက်ပဲ ကျတယ်ဆိုလိုရှိရင် သူ နောက်ထပ် ထပ်လုပ်ဖို့လဲ ဝန်လေးမှာမဟုတ်ဘူး။ သူတစ်ယောက်တည်းမကဘူး၊ တခြားလူတွေလည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး” လို့ ပြည့်ပြည့်က ခံပြင်းစွာ ပြောပါတယ်။

ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေ့ ဦးခင်မောင်ဇော်ကတော့ ဥပဒေက ဘယ်သူ့ကိုမဆို အာမခံချက်ပေးရမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

“ဒီလူတွေက ကာယကံရှင် နစ်နာသူတွေကို လက်စားချေဖို့အတွက် အန္တရာယ်ရှိတဲ့ အပြင်၊ ဒီလူတွေ လွတ်တဲ့အတွက်ကြောင့် ဒီလို ပြစ်မှုမျိုးဟာ ကျူးလွန်လည်းပဲ သိပ်ပြဿနာမရှိပါဘူး၊ တို့လည်း မကြာခင် လွတ်မှာပဲဆိုတဲ့ ဥပဒေအပေါ် ကြောက်ရွံ့မှု၊ ဥပဒေအပေါ် အလေးထားမှုက ပျက်သွားနိုင်တာပေါ့ဗျာ” လို့ ဦးခင်မောင်ဇော်က ထောက်ပြပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာတော့ အကျဉ်းသားတွေကို ထောင်ကလွတ်လာရင် လူမှုအသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်နဲ့ နောက်ထပ်ပြစ်မှုတွေ မကျူးလွန်အောင် အသက်မွေးဝမ်းကျောင်းပညာ၊ အတန်းပညာ သင်ကြားပေးတာမျိုးရှိတဲ့အပြင် ဘာသာရေးနည်းလမ်းနဲ့ တရားစခန်းဖွင့်ပေးတာမျိုးလည်း လုပ်ပေးနေတယ်လို့ သိရပါတယ်။

“စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အကျဉ်းသား အချင်းချင်း (ဥပမာ) မုဒိမ်းမှု ကျူးလွန်ခဲ့တယ်။ သူဘာကြောင့် ကျူးလွန်ခဲ့တာလဲ။ သူ့ရဲ့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်လေးတွေ ပေါ့။ ဖြစ်စဉ်တွေကို ပြန်ပြီးတော့ အကျဉ်းသား အချင်းချင်း ပြန်ချပေးတာမျိုးတွေ အချို့ ထောင်တွေမှာ လုပ်ကြပါတယ်။ သူ့လိုမျိုး မဖြစ်ဖို့ ပြောကြတယ်” လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

အချို့ဟာ တရားရပြီး ပြုပြင်သွားတာရှိတယ်လို့သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ မပြုပြင်နိုင်ပဲ လွတ်မြောက်လာသူတွေ ဘယ်လောက်ရှိပြီလဲဆိုတာတော့ ဘယ်သူမှ အတိအကျ တွက်ဆလို့ မရပြန်ပါဘူး။

ဒီအနေအထားကြောင့် မုဒိမ်းမှုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကျူးလွန်သူတွေဟာ လွတ်ငြိမ်းခွင့်မှာ လုံး၀ မပါဝင်သင့်ဘူးလို့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

“အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ကို ဘာလို့ ဒီလောက် လွယ်လွယ် ကူကူ ပေးနေတာလဲ ဆိုတာကို စဉ်းစားလို့ မရဘူး” လို့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ မထားထားက ပြောပါတယ်။

အခုချိန်မှာ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ပြည့်ပြည့်အနေနဲ့ကတော့ သူမနဲ့ မိသားစုလုံခြုံရေးကို ဘယ်သူအာမခံမလဲလို့ မေးရုံမှတပါး အခြားဘာမှ မတတ်နိုင်ပါဘူး။

ကာကွယ်ပေးမှု အပြည့်အဝရှိမယ့် အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ ဥပဒေတရပ် မပေါ်ထွန်းခင် အကြမ်းဖက်မှုတွေ ဘယ်လောက် ထပ်များဦးမလဲ၊ ကျူးလွန်သူတွေ သက်ညှာမှု ဘယ်လောက် ရနေဦးမလဲ၊ အမျိုးသမီးတွေရဲ့ လုံခြုံမှုတွေအတွက် ဘယ်သူတွေ အာမခံပေးမလဲဆိုတဲ့မေးခွန်းတွေအတွက် အဖြေတွေကို ပြည့်ပြည့်အပါဝင် မြန်မာနိုင်ငံက အမျိုးသမီးထုတရပ်လုံးက ဆက်လက်စောင့်မျှော်နေရဦးမှာပါ။

“ဥပဒေက မမြင်ချင်ယောင်ဆောင်နေတော့ ဒီထက်များလာဦးမှာပဲ။ အက်စစ်က အလွယ်တကူလည်း ဝယ်လို့ ရတယ်လေ” လို့ ပြည့်ပြည့်က သတိပေး ပြောလိုက်ပါတယ်။ ။

( ယခုဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က စီစဉ်လုပ်ဆောင်သည့် HI Burma – Honest Information for Burma Website ( www.hiburma.net ) မှ တဆင့်ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)

<><><>
ပုံစာအညွှန်းများ

1
အကြိမ်ကြိမ်ခွဲစိတ်ပြီးနောက်ပိုင်းပုံ/ဓါတ်ပုံ – မပြည့်ပြည့်

2
မူရင်းပုံနှင့် အက်ဆစ်နှင့် ပက်ခံရပြီးနောက်ပိုင်းပုံ /ဓါတ်ပုံ – မပြည့်ပြည့်

 

Leave a Reply