Advertisements

Myanmar Now

ခုန်ချသတ်သေမှုများ ယခုလပိုင်းအတွင်း မကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ကိုင်းတံတားနှစ်စင်းလုံးကို လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း အမရပူရမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တံတားပေါ် ဘယ်လိုမှရပ်လို့မရတော့ဘူး။ ကားပျက်လို့၊ ချိန်းကြိုးပျက်လို့ ဒီလောက်ပဲရတော့မယ်ဗျ။ အခုတံတားအဟောင်းကော အသစ်ကော လုံခြုံရေးတွေ တိုးမြှင့်ထားတယ်” ဟု အမရပူရမြို့နယ် ရဲစခန်းမှ ဒုရဲမှူးဦးစန်း၀င်းက ပြောသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတံတားနှစ်စင်းဖြစ်သော စစ်ကိုင်းတံတား(အင်း၀) ပေါ်မှ ခုန်ချမှုငါးကြိမ် ဧရာဝတီတံတား (ရတနာပုံ) မှ ခုန်ချမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်ည ၂ နာရီခွဲအချိန်တွင် ဓာတ်ပုံရိုက်ရင်း အမျိုးသားတစ်ဦး ပြုတ်ကျခဲ့မှု ထပ်မံဖြစ်ပွါးခဲ့ကာ ယခုအချိန်အထိ ရှာမတွေ့ရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပြုတ်ကျသူ အသက် ၂၀ အရွယ် နိုင်းနိုင်းထွန်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူ ရှိုင်းမောင်မောင်ကို ဓါတ်ပုံရိုက်ပေးမည်ဟုဆိုကာ နောက်သို့ တဖြည်းဖြည်းဆုတ်သွားစဉ်တံတားဘောင်ပေါ်ကို ကျော်ကာ ခြေချော်၍ ဧရာ၀တီမြစ်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းကြောင့် တံတားပေါ်တက် လမ်းလျှောက်ခြင်းကို ယခုအခါ ခွင့်မပြုတော့ကြောင်း ဆိုင်ကယ်နှင့်လာ၍ ခုန်ချသက်သေမှုများ ရှိသဖြင့် တံတားပေါ်တွင် ဆိုင်ကယ်ရပ်နားလည်း ခွင့်မပြုတောခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တံတားနှစ်စင်းတွင် ဧရာ၀တီတံတား (ရတနာပုံ) တွင်သာ တံတားတစ်လျှောက်လုံး လုံခြုံရေးကင်မရာ CCTV များ တပ်ဆင်ထားကာ၊ တံတားအဟောင်းဖြစ်သည့်အင်း၀တံတားတွင် အစနှင့်အဆုံး နှစ်လုံးသာ ရှိသည့်အတွက် မှုခင်းဖြစ်ရပ်များမှာ အငြင်ပွားဖွယ်ဖြစ်နေသည်ဟု စစ်ကိုင်းမြို့ခံ ကိုစောရန်ပိုင်က ပြောသည်။

ယခုနှစ်အတွင်း ယင်းမြစ်ကူးတံတား နှစ်စင်းပေါ်မှ ခုန်ချမှုဖြစ်စဉ် ၇ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ တစ်ဦးသာ ရှိသေးသည်။

Advertisements
<

Leave a Reply