မော်လမြိုင်၊ ဇူလှိုင်

မူးယစ်ဆေးဝါးအမှုတစ်ခု လာဘ်ယူသည်ဟုဆိုကာ ခုံရုံးဖွဲ့စစ်ဆေးခံရသော မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးမြင့်ဌေးကို ရခိုင်ပြည်နယ်သို့ နယ်ပြောင်းအပြစ်ဒဏ်ပေးအပ်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးမှူး ရဲမှူး မြင့်ဝင်းက အတည်ပြုပြောကြားသည်။

“စစ်ဆေးပြီးတော့  နယ်ပြောင်းပေါ့။ အစကတည်းက မြို့နယ်မှူးကလည်း သူမငြင်းဘူး။ ဟုတ်တယ် ဝန်ခံထားပြီးသား၊ အပြစ်ပေးတာ မမျှတလို့သူ့ကိုပါထပ်ပြောင်းလိုက်တာ”ဟု ရဲမှူး မြင့်ဝင်းက ပြောသည်။

မော်လမြိုင်၊ မြိုင်သာယာရပ်ကွက် ၂၁ လမ်းတွင် ဖြစ်ပွားခဲ့သည့် WY မူးယစ်ဆေးဝါးအပြား ၅၀၀ ကျော် ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး  ဖမ်းဆီးခံရသူလေးဦးမှ သုံးဦးကို လာဘ်ငွေရယူမှုနှင့်ပတ်သက်သည့်ကိစ္စဖြင့်  နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ လိပ်မူထားသည့် တိုင်ကြားစာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည့်ကိစ္စနှင့်စပ်လျဉ်းပြီး မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်းကို ခုံရုံးဖွဲ့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အလားတူ မုဒုံမြို့နယ်တွင်လည်း သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရသူထံမှ ငွေကြေးတောင်းခံသူ မုဒုံမြို့မ ရဲစခန်းမှူးဒုရဲမှူးခင်မောင်ထွန်းကို မေလက ခုံရုံးဖွဲ့စစ်ဆေးထားပြီး ယခုလက်ရှိတွင် နေပြည်တော်ရုံးချုပ်သို့ တင်ပြထားဆဲ ဖြစ်သည်ဟု ရဲမှူးမြင့်ဝင်းက ပြောသည်။

ရန်လင်းအောင်

Leave a Reply