Advertisements

မော်လမြိုင်၊ မေ

မော်လမြိုင်မြို့ သံလွင်တံတားအနီးရှိ ရှေးဟောင်း သမိုင်းဝင် ခေါင်းဆေးကျွန်းအနီး တစ်ဝိုက်ကို ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်ရန် ပြည်နယ်အစိုးရအဖွဲ့က သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ငါးဦးစီးက သတ်မှတ်ဖို့ တင်တယ်၊ အဲဒါနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့က မေလ ပထမအပတ်မှာ ဆုံးဖြတ်ပြီး သတ်မှတ်လိုက်တာ”ဟု ၎င်းက ဆိုသည်။

ယခုလို ငါး မဖမ်းရဇုန် (Closed area) အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ငါးသားပေါက်များကို ထိန်းသိမ်းပေးရာ ရောက်ကြောင်း ဝန်ကြီးကပြောသည်။

ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်ရာတွင် ခေါင်းဆေးကျွန်းအနီးတစ်ဝိုက်၏ ပတ်လည် ကိုက် ၅၀၀ အကွာကို GSPစနစ်ဖြင့် တိုင်းတာ သတ်မှတ်လိုက်ခြင်းကြောင့် ကျွန်း၏ ကိုက်၅၀၀ အကွာအတွင်း မည်သူမျှ ငါးဖမ်းခွင့်ရမည် မဟုတ်ပေ။

ပြည်နယ်အစိုးရအဖွဲ့မှ ယခုလို သတ်မှတ်ပေးလိုက်သည့်အတွက် ပြည်ထောင်စုအဆင့်ထံ ထပ်မံ တင်ပြသွားမည်ဖြစ်ပြီး၊ ပြည်ထောင်စုမှတရားဝင် အကြောင်းကြားလာပါက ပြည်သူများကို အသိပေး ချပြသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးအောင်တိုးက ပြောဆိုသည်။

ခေါင်းဆေးကျွန်းအနီးတစ်ဝိုက်ကို ငါးမဖမ်းရ နေရာအဖြစ် ခေါင်းဆေးကျွန်းကျောင်းထိုင် ဆရာတော်ရှိစဉ်အခါကလည်း
သတ်မှတ်ခဲ့သော်လည်း ယခုအခါ ကျွန်းတစ်ဝိုက်တွင် ခိုးယူဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

မွန်ပြည်နယ်တွင် ငါးမဖမ်းရဇုန် (Closed area) အဖြစ် ကျိုက္ခမီ ကျောက်ပုစွန်ဘေးမဲ့ဇုန်၊ ချောင်းဆုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် ဘေးမဲ့ကဏန်းဇုန် အဖြစ် ပြည်ထောင်စုမှ သတ်မှတ်ပေးထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သက်ပိုင်

Advertisements
<

Leave a Reply