Advertisements

ကမ္ဘာ့လူဦးရေ ဆယ့်ငါးရာခိုင်နှုန်းခန့်သည် ခေါင်းတစ်ခြမ်းကိုက်ခြင်း ရောဂါကိုခံစားနေရသည်။ ထိုသို့သော ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် တစ်ခါတစ်ရံ စက္ကန့်အနည်းငယ်သာ ကြာတတ်ပြီး တစ်ခါတစ်ရံ သုံးရက်ခန့်အထိခံစားရတတ်သော ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။ စိတ်ဖိစီးမှုများသောအခြေအနေနှင့် ပင်ပန်းရှုပ်ထွေးသော လူနေမှုဘဝများတွင် ထိုသို့သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုခံစားရသူ များလာသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ရောဂါဖြစ်ပွားရခြင်းတွင် ပတ်ဝန်းကျင်အခြေအနေနှင့် မျိုးရိုးဗီဇဆိုင်ရာပြဿနာများ ဆက်စပ်နေသည်။ ဖြစ်ပွားသောလူနာများ၏ သုံးပုံနှစ်ပုံသည် မျိုးရိုးလိုက်တတ်သည်။ အပျိုဖော်ဝင်စ၊ လူပျိုဖော်ဝင်စအချိန်များတွင်အဖြစ်များကာ အမျိုးသမီးများသည် အမျိုးသားများထက် နှစ်ဆ သုံးဆပိုများသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ဟော်မှန်းအပြောင်းအလဲသည် အမျိုးသားများထက် အပြောင်းအလဲမြန်ကာ ထိုအပြောင်းအလဲများမှ ဦးနှောက်ထဲသို့ သွေးကြောများဖွင့်ခြင်း ပိတ်ခြင်းကို ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရောဂါလက္ခဏာထကြွမှုနည်းပါးသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် ကြိုတင်ထိန်းချုပ်နိုင်သော ရောဂါလက္ခဏာမျိုးဖြစ်သည်။ ရောဂါခံစားနေရသောသူ ထက်ဝက်ခန့်သည် ရောဂါလက္ခဏာမစတင်မီ ရှေ့ပြေးနိမိတ်များဖြစ်ပေါ်တတ်သည်။ ထိုအချိန်တွင် သတိထားကာ ခေါင်းကိုက်သက်သာစေသော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးလိုက်လျှင် ဆိုးဝါးစွာသောအခြေအနေကိုမခံစားနိုင်တော့ချေ။

ခေါင်းမူးခြင်း၊ ခေါင်းတစ်ခြမ်းကိုတဆစ်ဆစ်ကိုက်ခြင်းနှင့် ဇက်ကြောထိုးခြင်းတို့သည် ခေါင်းတစ်ခြမ်းကိုက်သော လူနာများခံစားရသော ရောဂါဖြစ်သည်။ နေရောင်ထဲခဏခဏထွက်လျှင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွင် ရောဂါလက္ခဏာဖြစ်ပေါ်မှုကြိမ်နှုန်း၊ အချိန်အခါနှင့်ကြာချိန်၊ ရောဂါလက္ခဏာများသည် အမျိုးမျိုးဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်မှသည် နာရီပေါင်းများစွာကြာမြင့်တတ်သည်။ ၇၂ နာရီထက်ပိုကြာအောင်ရောဂါလက္ခဏာပြသော ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါဟုသတ်မှတ်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းတွင် အဆင့်များစွာရှိသည်။ ရှေ့ပြေးအဆင့်တွင် ရောဂါလက္ခဏာမပေါ်ခင် ကြိုတင်ဖြစ်ပေါ်စေသော လက္ခဏာများ(ချွေးစေးပြန်ခြင်း၊ အမြင်များဝေးဝါးလာခြင်း)၊ ထိုမှတစ်ဆင့် အနံ့တစ်မျိုး ရကာ အာရုံထွေးပြားခြင်း (အမြင်များဝေးဝါးကာ၊ အနံ့အသက်တချို့ရရှိလာခြင်း)၊ ထိုမှ ခေါင်းတစ်ခြမ်းကိုတဆစ်ဆစ်ကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့ဖြစ်သည်။ ထိုမှတဖန် ပြန်လည် နာလန်ထ အဆင့်ကိုရောက်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါဖြစ်သောကြောင့် ရံဖန်ရံခါတွင် စိတ်ကျစိတ်တက်ရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါများနှင့်တွဲတတ်သည်။ ထိုသို့သောစိတ်ရောဂါဖြစ်ပွားနိုင်ခြေသည် သာမန်လူထက်နှစ်ဆခွဲ သုံးဆခန့်ပိုများသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ပွားစေသောအကြောင်းအရာကို ယခုချိန်ထိဆေးပညာရှင်များက ရှင်းလင်းစွာမဖော်ပြနိုင်ကြချေ။ ဖြစ်နိုင်ခြေအများ km8 ဆုံးတွင် မျိုးရိုးလိုက်ခြင်း၊ စိတ်ညစ်စိတ်ပင်ပန်းစေသော ပတ်ဝန်းကျင်မှ အကြောင်းအရာတချို့များ လွှမ်းမိုးခြင်းနှင့် အစားအသောက်နှင့် နေထိုင်မှုပုံစံများကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် အခြားသော အာရုံရောင်ရမ်းခြင်း၊ မျက်ခမ်းစပ်နှင့် ရေတိမ်များ၊ အတွင်းတိမ်များ၊ အာရုံအားနည်းခြင်းနှင့် ဦးနှောက်သွေးယိုစိမ့်ခြင်းကြောင့်ဖြစ်ပေါ်သော ခေါင်းမူးခေါင်းကိုက်ခြင်းများနှင့် မှားယွင်းတတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် မျိုးရိုးလိုက်တတ်သည်။ သို့သော်ရောဂါလက္ခဏာမခံစားနိုင်စေရန် ကာကွယ်နိုင်သည်။ ရှေးပြေးနိမိတ်များကို သတိထားသင့်သည်။ ရောဂါလက္ခဏာမဖြစ်ပေါ်မီ ဖြစ်ပေါ်သော ရှေ့ပြေးနိမိတ်များသည် ပုံစံတူဖြစ်ကာ ထိုရှေ့ပြေးနိမိတ်များကို သတိထားလျှင် ရောဂါလက္ခဏာကို ကြိုတင်ကာကွယ်နိုင်သည်။

ထိုအပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် အခြားသော စိတ်နှင့် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်သောကြောင့် သတိထားသင့်သည်။ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဓာတ်ကျခြင်းများသည် ရောဂါလက္ခဏာကိုဖြစ်ပေါ်စေသည်။ ထိုကြောင့် စိတ်ပင်ပန်းမှုများသောလူနာများနှင့် စိတ်ဖိစီးမှုများသောလူနာများသည် ကျန်းမာသောနေထိုင်မှု ပုံစံနှင့်အတူ တရားထိုင်ခြင်း၊ ယောဂကျင့်စဉ်များကို ပြုလုပ်သင့်သည်။

ယခုခေတ်တွင် ခေါင်းတစ်ခြမ်းကိုက်ရောဂါအတွက် ထိရောက်သောဆေးဝါးများ ပေါ်ထွက်လာနေပြီဖြစ်သည်။ ထိုကြောင့် စိတ်ပင်ပန်းမှုကို တတ်နိုင်သရွေ့လျှော့ချကာ စိတ်အေးလက်အေးနေထိုင်ခြင်းသည် ရောဂါကို ကာကွယ်ရာရောက်စေသကဲ့သို့၊ ရောဂါခံစားနေရလျှင်လည်း လက္ခဏာဆိုးဝါးစွာမဖြစ်စေရန်အတွက်ရှေ့ပြေးနိမိတ်များကို သတိထားခြင်းနှင့် ထိရောက်သော ဆေးဝါးများကုသမှုခံယူနိုင်ပါကြောင်း အကြံပြုရင်းနိဂုံးချုပ်ပါရစေ။ ။

Written by ဒေါက်ဦး(မွန်)
Ref; wikipaedia about migraine

Advertisements
<

Leave a Reply