ဓာတ္ပံု - ခိုနူမ်းသုန်သတင်း

၂၀ မတ် ၂၀၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကပ်ထားသည့် “မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိ’’ ဆိုသည့် ကမ်ပိန်းပိုစတာများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် ဒေသတွင်းအာဏာပိုင်များက မတ်လ ၁၉ ရက်နေ့က ဖြုတ်ချခဲ့ကြသည်ဟု သိရသည်။

တီးတိန်မြို့နယ်၊ ခေါ်ဆကျေးရွာအုပ်စု၊ သိုင်ငင်းကျေးရွာနှင့် ဟိန်ဇင်ကျေးရွာတို့တွင် ကပ်ထားသော အဆိုပါပိုစတာများကို မတ်လ ၁၉ ရက်က ရဲ၊ စည်ပင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးသတ်များမှလာရောက်ဖြုတ် ချခဲ့သည်ဟု သိုင်ငင်းဒေသခံ ဦးနန်ပီးကပြောသည်။

“သူတို့က ဘာစကားမှတော့ လာမပြောပါဘူး၊၊ ဒါပေမဲ့ သူတို့က သတင်းမပို့ဘဲနဲ့ ဒီလိုမျိုးနောက်နောင်တော့ ပိုစတာတွေ ဘာတွေမကပ်ခိုင်းနဲ့ဆိုတဲ့ သဘောမျိုးတော့ပါတယ်။ ကျွန်တော်တို့ရဲ့ဆန္ဒသဘောထားနဲ့ကပ်တာပါ။ ခုလိုအာဏာပိုင်တွေက လာရောက်ဖြုတ်ချတာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ချိုးဖောက်ခံရတယ်လို့ခံစားမိတယ်” ဟု ဦးနန်ပီးကပြောသည်။

အလားတူ တွန်းဇံမြို့ပေါ် လူစည်ကားရာနေရာတွင် ကပ်ထားသော အဆိုပါ ပိုစတာများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြုတ်ချခဲ့ကြသည်ဟုသိရသည်။

အဆိုပါ ကမ်ပိန်းပိုစတာ ဖြုတ်ချမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ဟိန်ဇင်ကျေးရွာတွင်နေထိုင်သော ခေါ်ဆကျေးရွာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦး Khai Khek ကတော့ ပြည်နယ်အစိုးရဘက်မှ ညွန်ကြားလာခြင်းကြောင့် ယခုကဲ့သို့ ဖြုတ်ချရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။

“ချင်းပြည်နယ်အစိုးရအဖွဲ့က အမိန့်စာထုတ်ထားတာရှိတယ် ။ ဒီကိစ္စညှိနှိုင်းဖို့ CSO အဖွဲ့အစည်းတွေကို ဖိတ်တယ်ကြားတယ် ။ ဒါပေမယ့် ဒီဘက်ကလည်း မလာဘူး၊ အဲဒါကြောင့် တရားမဝင်ဘူးဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားလာလို့ဖြုတ်တာဖြစ်တယ်’’ ဟု ဦး Khai Khek ကပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ (၂၀၁၈) ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်တွင် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိ” ဆိုသည့် ပိုစတာကမ်ပိန်းလှုပ်ရှားမှုကို ချင်းမြေယာဆိုင်ရာကွန်ရက်အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့စတင်၍ ချင်းပြည်နယ်တစ်ဝန်းစတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

By လားနွန် ၊ ခိုနူမ်းသုန်သတင်း။

Leave a Reply