ခိုနူမ်းသုန်သတင်း၊ ၃၀ မတ် ၂၀၁၉

ချင်းပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးအောင်သန်းသည် မတ်လ ၂၈ ရက်က ကျင်းပသော ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် နုတ်ထွက်စာတင်လိုက်ကြောင်း သိရသည်။

ဟားခါးမြို့ လွှတ်တော်အဆောက်အဦသစ်တွင် ပြုလုပ်သော အဆိုပါအစည်းအဝေးတွင် ယင်းသို့ ရပ်နားခွင့်တင်ပြခြင်းကို ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်ဟု ထန်တလန်မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်ကပြောသည်။

“သူကိုယ်တိုင်လာမတင်ဘူး။ သူကိုယ်တိုင်လည်းမရှိဘူး ။ သူကလူကြုံနဲ့ ပါးတယ်ထင်တယ်၊ အစည်းအဝေးက လာမယ့်အပတ်တွင်းမှာပဲ ပြန်လုပ်ရမယ် ။ ဒီအတွင်းမှာပဲ ပြန်ရွေးရမယ်ထင်တယ် ။ တခြားဘာမှ ကြေညာတာလည်းမရှိသေးဘူး” ဟု ဒေါက်တာမှုထန်ကပြောသည်။

ဦးအောင်သန်းကို ဖေဖော်ဝါရီ၂၃ရက် နောက်ဆုံးထားပြီး ရာထူးမှ နုတ်ထွက်ရန်နှင့် နုတ်ထွက်ခြင်းမပြုပါက လွှတ်တေ်ာအတွင်း ပြစ်တင်ရှုတ်ချ နုတ်ထွက်စေမည်ဟု NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ၁၇ရက်တွင် နောက်ဆုံးအကြိမ် သတိပေးထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးအောင်သန်းအနေဖြင့် NLD ပါတီဗဟိုထံသို့ ပြန်လည်ရှင်းလင်းခွင့်တောင်းဆိုထားကြောင်း ပြောဆိုခဲ့သော်လည်း မတ်၂၈ရက်တွင် တာဝန်မှရပ်နားရန် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

By လားနွန်

Leave a Reply