Advertisements

ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်ရွာငယ်တစ်ရွာရှိ မူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကို တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးက သေနတ်ဖြင့် ယမန်နေ့ည (နိုဝင်ဘာ ၁၇) က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့မှ မိုင် ၆၀ ခန့်အကွာရှိ တွီးဗျဲာလ်ဖန်ကျေးရွာ၊ မူလတန်းကျောင်းမှ အသက် ၂၇ နှစ်အရွယ် ဒေါ်လျာဒိမ်းလွန်းမန်ကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက နိုဝင်ဘာလ၊ ၁၇ရက်နေ့ ည ၁၀ နာရီခန့်တွင် “တစ်လုံးထိုး” သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၎င်းကို ရွာသားများက တွန်းဇံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်ဟု ၎င်းတို့ရရှိထားသော ကနဦးအချက်များကို ကိုးကားပြီး ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က မြန်မာနောင်းကို ဖုန်းဖြင့် ပြောသည်။

သေနတ်သမားဟု သံသယရှိသူ၏ သမီးဖြစ်သူ မူလတန်းကျောင်းသူနှင့် သေဆုံးသူ ကျောင်းဆရာမတို့သည် အတူတကွ နေထိုင်ကြသူများဖြစ်ကြောင်း၊ အခင်းဖြစ်သည့်ညက သမီးဖြစ်သူအား လာရောက်တွေ့ဆုံစဥ် ထိုအမျိုးသားနှင့် ဒေါ်လျာဒိမ်းလွန်းမန်တို့ အချင်းများခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ဆိုသည်။

အခင်းဖြစ်ရာနေရာသို့ ရဲနှင့် ပညာရေးအရာရှိများ သွားနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေသခံများက ဖုန်းဖြင့် အကြောင်းကြားခဲ့ပြီးနောက် ကျောင်းဆရာမ သေဆုံးသည့် သတင်းကို အတည်ပြုနိုင်ခဲ့ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။

ကလေးကို လာပြန်ခေါ်တာကို ဆရာမက စာသင်ပေးစရာ လိုသေးတယ်လို့ ပြောရင်းနဲ့ပဲ ဖြစ်သွားတာဟု ၎င်းက ပြောသည်။

ကျောင်းဆရာမ ပစ်ခတ်ခံခဲ့ရမှုအတွက် သံသယရှိသည့် ဒေသခံ ကသည်းလူမျိုးတစ်ဦးအား ရဲက လိုက်လံရှာဖွေနေကြောင်းလည်း ဝန်ကြီးက ဆိုသည်။ ဆက်သွယ်ရေးခက်ခဲမှုကြောင့် ထိုသူ၏အမည်ကို မသိရဟု ၎င်းက ပြောသည်။

ဒေသခံများက ထင်ကြေးပေးနေသလို ထိုသူသည် ကသည်းလက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်ဆိုသည့် သတင်းကို ဝန်ကြီးက အတည်မပြုဘဲ ကျောင်းဆရာမ လုပ်ကြံခံခဲ့ရသည့် တွီးဗျဲာလ်ဖန်မှ ရွာသားသာဖြစ်ကြောင်း လတ်တလော အစီရင်ခံစာများကို ကိုးကားပြီး ပြောသည်။

တွန်းဇံမြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃,၄၀၀ ကျော်သာရှိပြီး ပြည်နယ်အစိုးရအခြေစိုက်ရာ ဟားခါးမှ မိုင် ၁၄၀ နီးပါး ကွာဝေးသည်။ အခင်းဖြစ်ပွားရာ တွီးဗျဲာလ်ဖန်ကျေးရွာသည် တွန်းဇံမြို့မှ မိုင် ၆၀ ခန့်အကွာတွင်ရှိသော နယ်စပ်ရွာဟု ဒေါ်နှင်းကြည်က ပြောသည်။

Leave a Reply