Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆

မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့က ချစ်သူကို ချောကလက်နှင့် ဝက်ဝံအရုပ် လက်ဆောင်ဝယ်ပေးရန် လုလက်မှု ကျူးလွန်သည့် လူငယ်တစ်ဦးကို မုပွန်နယ်မြေရဲစခန်းမှ လှည့်ကင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ မုပွန်နယ်မြေရဲစခန်းမှ ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဇေယျာသိန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကောင်လေးက သူ့ရည်းစားကို ချောကလက်နဲ့ဝက်ဝံအရုပ် ဝယ်ပေးချင်တာပိုက်ဆံမရှိလို့ ကြံမိကြံရာ ကြံလိုက်တယ်လို့ ပြောတယ်” ဟုပြောဆိုသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ ကော့ခမယ်ကျေးရွာနေသူ မခင်မြတ်သူသည် ယင်းနေ့ ညနေ၃ နာရီခန့်က မော်လမြိုင်မြို့မှ ကော့ခမယ်ကျေးရွာရှိ နေအိမ်သို့ ဆိုင်ကယ်မောင်းနှင်၍ ပြန်လာစဉ် ကြာအင်းကျေးရွာကော့ခမယ် (အ.ထ.က) ကျောင်းရှေ့အရောက်တွင် ဝေ့ဖ် အိုင်ကြီးဖြူ နီအရောင် ဆိုင်ကယ်စီးလာသော အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ချင်း ယှဉ်မောင်းလာပြီး ဆိုင်ကယ်ဘယ်ဘက်လက်ကိုင်၌ ချိတ်ဆွဲထားသော ပိုက်ဆံအိတ်ကို လုယူထွက်ပြေးခဲ့ကြောင်းရဲစခန်း တိုင်တန်းချက် မှတ်တမ်းအရ သိရသည်။

“တရားလိုအမျိုးသမီးက သူ့ပိုက်ဆံအိတ် လုယူခံရလို့ ပတ်ဝန်းကျင်က လူတွေကို အော်ဟစ် အကူအညီ တောင်းခံတဲ့ အချိန်မှာ ဖားအောက်နယ်မြေစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းပြီး လိုက်ဖမ်းတဲ့အချိန်မှာ ကော့ခမယ်ကျေးရွာတိုက်ကျောင်းသွားတဲ့ လမ်းမှာပိုက်ဆံအိတ် လုယူထွက်ပြေးတဲ့ ကောင်လေးကိုဖမ်းမိခဲ့တာ”ဟု လိုက်လံဖမ်းဆီးခဲ့သည့် ဒုရဲအုပ် ဇေယျာသိန်းက ပြောဆိုသည်။

ဖမ်းဆီးရမိသည့် အမျိုးသားကို စစ်ဆေးမေးမြန်းခဲ့ရာ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်နေ မောင်ဇေယျာဦး ၂၃ နှစ်ဖြစ်ပြီး ၎င်းလုယူထွက်ပြေးခဲ့သည့် မိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ ၁ ခု၊ SAMSUNG Duos အဖြူရောင် ဖုန်း၁ လုံး၊ ငါးထောင်ကျပ်တန် ၁၂ရွက်နှင့် တစ်ထောင်ကျပ်တန်၅ ရွက် စုစုပေါင်း ငွေ ၈၀,၀၀၀ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အမျိုးသမီးထံမှပိုက်ဆံအိတ်လုယူ ထွက်ပြေးခဲ့သူ ဇေယျာဦးကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၈၅/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ အရ ဖမ်းဆီး အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ဒုရဲအုပ် ဇေယျာသိန်းက ဆိုသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply