Advertisements

ဘားအံ၊ စက်တင်ဘာ ၅

ဘားအံမြို့၊ ချစ်သူမြိုင်အပန်းဖြေဥယျာဉ်တွင် လာရောက်အပန်းဖြေသူများ ကြည့်ရှုလေ့လာနိုင်ရန် အဲပုဂံလေကြောင်းလိုင်းက Fokker 100 လေယာဉ်တစ်စင်းကို စက်တင်ဘာလ ၃ ရက်နေ့က ဘားအံမြို့သို့သယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်ကို မူလပုံစံအတိုင်း စက်တင်ဘာ ၄ရက်နေ့ကစတင်၍ ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် ပြန်လည်တပ်ဆင်နေပြီး အချောသတ်ပြီးစီးပါက လာရောက်လည်ပတ်သော ပြည်သူများအတွက် ပြသသွားမှာဖြစ်ကြောင်းသိရသည်။

Advertisements
data-language="en"

“သြဂုတ် ၃၁ ကြာသပတေးနေ့၊ နေ့လယ်က စသယ်လာတာ၊ တနင်္ဂနွေနေ့ ညနေရောက်တယ်၊ နည်းနည်းကြန့်ကြာနေတာက လမ်းတစ်လျှောက် မီးကြိုးတွေမလွတ်လို့ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနတွေရဲ့အကူအညီတောင်းပြီး သယ်နေရလို့ပါ၊ အစအဆုံးပြန်ဆင်ဖို့ဆို ခုပါလာတဲ့ ဝန်ထမ်း ၁၅ယောက်နဲ့တောင်၂ ပတ် လောက်တော့ အချိန်ယူရလိမ့်မယ်´´ဟုမြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ MNA ပြန်လည် တပ်ဆင်ရေးတာဝန်ခံ ဦးမြင့်သိန်းက ပြောဆိုသည်။

ယင်းလေယာဉ်ကို ချစ်သူ့မြိုင်ပန်းခြံ ရေပြင်စီးဆိုင်ကယ်ကွင်း အနီးကပ်လျက်တွင် ထားရှိပြသသွားမည်ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးစောချစ်သူက လေယာဉ်အတွင်း အထူးဧည့်သည်တော် (VIP) အခန်း ၃ ခန်းတည် ေဆာက်ရန်ညွှန်ကြားထားကြောင်း ပန်းခြံမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကျွန်မတို့ ပြည်နယ်မှာအခုလို လေယာဉ်ကြီးကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရတော့မှာဆိုတော့ ကောင်းတာပေါ့။ အရင်က ကြားဖူးရုံ ကြားဖူးတာ။ ဒေသ ကလေးသူငယ်တွေအတွက်တော့ လေ့လာစရာ ဖြစ်စေတာပေါ့။ မျက်မြင်တွေ့ရှိတာက အခုမှပါ။ ပန်းခြံကို လာရောက်တဲ့ လူတွေလည်း
လေ့လာစရာတစ်ခုတိုးတာပေါ့´ဟု ဒေသခံ နန်းမူစေးကပြောသည်။

နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၏ မေတ္တာရပ်ခံချက်အရ ထူးကုမ္ပဏီအုပ်စု Air Bagan လေကြောင်းလိုင်းက ဘားအံ ချစ်သူမြိုင်ပန်းခြံတွင်ထားရှိပြသရန် မေတ္တာဖြင့် ကူညီခဲ့ခြင်းဖြစ်သည်ဟု ထူးကုမ္ပဏီများအုပ်စုပိုင် Facebook စာမျက်နှာဖြစ်သည့် Htoo Group of Companies စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်ကိုအစိတ်အပိုင်းအလိုက် ဖြုတ်ကာ သြဂုတ် ၃၁ ရက်က ၂၂ဘီးနောက်တွဲ ကုန်တင်ယာဉ်ကြီး ၇ စီးဖြင့် ရန်ကုန်မြို့မှ စတင်သယ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက် ညနေတွင်ချစ်သူမြိုင်အပန်းဖြေဥယျာဉ်ကိုရောက်ရှိပြီး ပြန်လည်တပ်ဆင်ပြီးပါက ဖွင့်ပွဲအခမ်းအနားပြုလုပ်၍ အများပြည်သူ လေ့လာနိုင်အောင်ပြသသွားမည်ဟု သိရသည်။

Written by – ရာဟု(ဖားအံ)

Leave a Reply