ချောင်းဆုံ ၊ ဒီဇင်ဘာ ၁၁

တိမ်ကောနေသောချောင်းဆုံကန်ကြီးကို ပြုပြင်ရေးလုုပ်ငန်းများစတင်နေပြီဖြစ်၍ အနီးအနားဝန်းကျင်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေကွက်များလာရောက်ဝယ်ယူသူများရှိနေ၍ မြေကွက်ဈေး ပိုမိုမြင့်တက်လာနိုင်ခြေရှိသည်ဟု ဒေသခံအချို့က မျှော်မှန်းထားသည်။

“ကန်ကြီးဝန်းကျင်ကမြေကွက်တွေကို မနှစ်ကတည်းကစီးပွားရေးလုပ်ငန်းရှင်တွေကလာရောက်ဝယ်ယူနေတယ်။ အရင်ကသိန်း ၁၀၀ တန်တဲ့မြေကွက်ကို အခုသိန်း ၁၅၀ လောက်ပေါက်ဈေးတွေဖြစ်လာတယ်။ အထူးသဖြင့် ကန်ကျောင်းလမ်းနဲ့ ၊ တလိုင်းဝင်းစိန်ရပ်ကွက်တွေမှာ မြေဈေးတွေပိုမြင့်လာတယ်”ဟု ချောင်းဆုံဒေသခံ ဦးအေးကြူက ဆိုသည်။

ကန်ပြုပြင်ပြီးစီးပါက စီးပွားရေးလုပ်ငန်းအဖြစ် စားသောက်ဆိုင်၊ အပျော်စီးရေယာဉ်၊ ငါးစာ၊ ပဒုမ္မာကြာ အရောင်းအဝယ် စသဖြင့် အပန်းဖြေခရီးသွားဧည့်လုပ်ငန်းနှင့် စပ်လျဉ်းသည့် အခွင့်အလမ်းများ ပွင့်လာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ယခုအခါကန်အတွင်းမှ ရေစစ် ရေထုတ်ခြင်း၊ ငါး အသေအပျောက်မရှိရေး ဘေးမဲ့ထားရှိနိုင်ရန် ပေ ၁၀၀ ပတ်လည်ကန်တူးဖော်ခြင်း၊ အမှိုက်သရိုက်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း လုပ်ငန်းတင်ဒါအောင်မြင်ထားသော မုဒုံမောင်မောင်ကုမ္ပဏီမှ တာဝန်ခံ ဦးအောင်နိုင်ဝင်း က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက “ကန်ကြီးရဲ့သဘာဝအလှ ရှုခင်းတွေပေါ်လွင်လာပြီး ပြည်တွင်းပြည်ပခရီးသွားတွေကိုဆွဲဆောင်လာနိုင်မယ်။ စိုက်ပျိုးရေးလုပ်ငန်း၊သောက်သုံးရေပေးဝေရေးလုပ်ငန်းတွေကိုလည်းအထောက်အကူရရှိလာနိုင်မယ်။ ဂေဟစနစ်ကိုထိန်းညှိ ပေးနိုင်တဲ့အတွက် ကန်ကြီးကိုအမှီပြုပြီး သားငါးနှင့် ကျေးငှက်တွေ ပိုမိုရှင်သန်ပေါက်ဖွားလာနိုင်တယ်”ဟု သုံးသပ်ပြောဆိုသည်။

၂၀၁၇-၁၈ ခွင့်ပြုဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ၄၈၅ သန်းဖြင့် ချောင်းဆုံကန်တော်ကြီး ဧရိယာဧက ၉၀ ကျော်အနက် ကန်ပတ်လမ်းဧရိယာ ၅၃ဧကတွင် ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်သွားရန်ရှိပြီး လာမည့်နှစ်တွင် လည်း ကျန်အပိုင်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

အဆိုပါကန်ကြီးတွင် ရှေးအခါက ရိုးရာလှေပြိုင်ပွဲများကိုပါကျင်းပနိုင်ခဲ့သော်လည်း နောင်အခါ တစတစတိမ်ကောလာ၍ ဒေသအတွင်း ရိုးရာဓလေ့များလည်းပျောက်ကွယ်ခဲ့ရကြောင်း၊ ယခင်က လူအား၊ စက်ယန္တရားအားတို့ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့သော်လည်း အကြီးစားပြုပြင်ခြင်းမျိုးမဟုတ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply