ချောင်းဆုံ၊ ဇွန် ။       ။ ချောင်းဆုံကန်တော်ကြီးကို ပြုပြင်ထိန်းသိမ်းနိုင်မည်ဆိုပါက ဒေသတွင်း အပန်းဖြေ နေရာတစ်ခု ဖြစ်လာနိုင်သည်ဟု ချောင်းဆုံမြို့နယ်မှ ဒေသခံများက ပြောသည်။

အဆိုပါကန်ကြီးကို ပြုပြင်ထိန်းသိမ်းနိုင်မည်ဆိုပါက  အပန်းဖြေနေရာတစ်ခုအပြင် မီးသတ်ရေကန်အဖြစ်လည်းကောင်း၊ ဒေသအတွင်း သောက်သုံးရေအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ကြောင်း  ချောင်းဆုံမြို့မှ ဦးမြင့်လွင်က ပြောသည်။

“ချောင်းဆုံကန်တော်ကြီးက တိမ်ကောနေတာကြာပါပြီ၊ ဒီကန်ကိုပြုပြင်ထိန်းသိမ်းသင့်ပါတယ် ရေကန်ကြီးက တိမ်ကောလာတော့ သောက်သုံးရေ အသုံးပြုနိုင်တဲ့ ရေကန်ကြီးထဲမှာ ကျွဲ၊ နွား၊ တိရစ္ဆာန် ထိန်းကျောင်းရာ နေရာတစ်ခုလည်းဖြစ်နေတယ်၊ အရင်က ချောင်းဆုံကန်တော်ကြီးမှာ ဒေသအတွင်း လှေပြိုင်ပွဲတွေ ကျင်းပနိုင်ခဲ့သလို ကန်ကြီးကိုအမှီပြုပြီး နွေရာသီမှာ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နိုင်ခဲ့တယ်”ဟု ချောင်းဆုံမြို့မှ ဦးခင်မောင်ဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ချောင်းဆုံကန်ကြီးသို့ လာရောက်အပန်းဖြေသူ ပိုမိုများပြားလာကြောင်းနှင့် ပဒုမ္မာကြာများပေါက်နေခြင်းအတွက် ကြာကန်ဟု လူသိများလာကြောင်း သက္ကောကျေးရွာမှ ဒေါ်ဌေးမြင့်က ပြောသည်။

ချောင်းဆုံကန်ကြီးကို ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ပြုပြင်ဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်း ကန်ကြီးကိုပြုပြင်မည်ဆိုပါက ကန်တော်ကြီးကိုလှည့်ပတ်ကြည့်ရှုနိုင်ရန် ကန်ပတ်လမ်းများလည်း ပြုလုပ်ရန်အစီအစဉ်များရှိကြောင်း ချောင်းဆုံမြို့နယ် ဆည်မြောင်းနှင့်ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်မောင်ဇော်က ပြောသည်။

ချောင်းဆုံကန်တော်ကြီး၏ အကျယ်အဝန်းမှာ ဧက ၉၀ ကျော်ရိျှကြောင်းနှင့် ယခုအခါ ကန်တော်ကြီး၏  သဘာဝအလှအပများလည်း ပျောက်ကွယ်နေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မြေစာရင်းဌာနမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply