ငါးသယံဇာတပေါကြွယ်ဝရေး၊ဒေသအတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ချောင်းဆုံမြို့ကန်တော်ကြီးတွင်ရွေဝါငါးကြင်းနှင့်ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၄၀ဝ၀ဝ ကျော်ထည့်သွင်းမွေးမြူသွားမည်ဖြစ်ကြောင်းချောင်းဆုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

chaunzone

အဆိုပါ ငါးမျိုးထည့်သွင်းမွေးမြူခြင်းကို သြဂုတ်လ ၄ ရက်နေ့နံနက်ပိုင်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှလမ်းညွှန်ချက်ဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်ထွန်းဦးကပြောသည်။

ချောင်းဆုံကန်ကြီးအပြင် ဘီလူးကျွန်းဒေသရှိလယ်ကြားကန်များ၊ ချောင်းမြောင်းများတွင်လည်းငါးများစိုက်ထည့်သွားရန် အစီအစဉ်ရှိကြောင်း၊ တောင်သူများတစ်နိုင်တပိုင်မွေးမြူလိုပါက မျိုးငါးများကိုအခမဲ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လောလောဆယ်တော့မုရစ်ကြီးနဲ့၊ နတ်မှော်လယ်ကြားကန်တွေမှာ ဒေသခံလယ်သမားတွေက ရွေဝါငါးကြင်းနဲ့ငါးမြစ်ချင်းမျိုးငါးတွေစိုက်ထည့်ပေးဖို့ ကမ်းလှမ်းထားတာရှိပါတယ်၊ ငါးကန်တွေကို ပြုပြင်ခိုင်းထားပါတယ်၊ ယခုအပါတ်အတွင်းမှာဖြန့်ဝေပေးနိုင်ဖို့စီစဉ်ထားပါတယ်”ဟုဦးဇော်ထွန်းဦးကဆက်လက်ပြောသည်။

ဘီလူးကျွန်းဒေသမှဒေသခံအများစုမှာ လယ်ကြားကန်များနှင့်မြစ်ချောင်းအင်းအိုင်များမှဖြစ်ပေါ်သော ငါးပုစွန်များကိုသာရှာဖွေစားသောက်နေကြကြောင်း၊ ငါးပုစွန်မွေးမြူခြင်းအလေ့အထမရှိကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှနည်းပညာများဖြန့်ဖြူးပေးမည်ဆိုပါက မွေးမြူလိုကြောင်း ကုလားဘီကျေးရွာအုပ်ချုပ်ရေးမှူးဦးအေးကို ကပြောသည်။

ငါးများတစ်နိုင်တစ်ပိုင်မွေးမြူခြင်းဖြင့် ဟင်းလျာအတွက်ရရှိသည့်အပြင် လယ်ယာလုပ်ကိုင်ရင်းတစ်ဖက်တစ်လမ်းမှမိသားစုဝင်ငွေတိုးပွားလာနိုင်ကြောင်းနှင့် ငါးမွေးမြူခြင်းကိုစနစ်တကျလုပ်ကိုင်တတ်စေရန် နည်းပညာများမျှဝေပေးသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Leave a Reply