Advertisements

ချောင်းဆုံ ၊ ဇန်နဝါရီ 

ချောင်းဆုံမြို့နယ်တွင် လိုင်စင်ရှိသောဆိုင်ကယ်များကို ဆိုင်ကယ်ဘီးခွန်အတွက်အိမ်တိုင်ယာရောက် တစ်စီးလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံ နေခြင်းအပေါ် ဒေသခံများအမြင်မရှင်း၍ စောဒကတက် နေကြောင်းသိရသည်။

“ကျေးရွာတွေမှာ ဆိုင်ကယ်ဘီးခွန်အတွက် ကောက်ခံနေတယ် ။ဆိုင်ကယ်လိုင်စင်လုပ်ရင်လည်းဘီးခွန်ပေးရ ၊ သက်တမ်းတိုးရင်လည်းဘီးခွန်ပေးရ ၊အခုလည်းအိမ်အထိလာပြီးကောက်နေပြန်တယ် ။ ဘီးခွန်က ခဏ တစ်မျိုး ခဏတစ်မျိုးဖြစ်နေတော့ အမြင်မရှင်းဘူးဖြစ်နေတယ်”ဟု ဘိုးနက်ကျေးရွာမှ ဦးခင်ဇော်က ဝေဖန်ပြောဆိုသည်။
ဘီးခွန်များလာရောက်ကောက်ခံခြင်းကို ဒေသခံများက အမျိုးမျိုးပြန်လည်ဝေဖန်ပြောဆိုနေကြ၍ လာရောက် ကောက်ခံနေသည့် မြို့နယ်မှစည်ပင်ဝန်ထမ်းများမှာလည်း လုပ်ငန်းနှောင့်နှေးနေရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“သူတို့တွေဆိုင်ကယ်ဘီးခွန်ကောက်တာ ပေးချင်တဲ့လူကပေးတယ်။ မပေးချင်တဲ့လူကလည်း ဟိုပြောဒီပြောလုပ် ကြတယ် ။ ရတဲ့ဟာရ ၊ မရတဲ့ဟာမရနဲ့ ကောက်ခံမှုက တစ်ညီတည်းမဖြစ်ဘူးဆိုရင် ပေးရတဲ့လူက နစ်နာတယ် ”ဟု ကညှော်ကျေးရွာက ဒေါ်ချိုက ထောက်ပြပြောဆိုသည်။

မြို့နယ်အနေဖြင့် လိုင်စင်ရှိသောဆိုင်ကယ်များကို အစိုးရပိုင်လမ်းများအသုံးပြုခအတွက် ဘီးခွန်ကောက်ခံရခြင်းဖြစ် ကြောင်း ၊ ကောက်ခံရရှိသောငွေကြေးများကိုလည်း နိုင်ငံဘဏ္ဍာအဖြစ်ထည့်သွင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆိုသည်။

“ဌာနကလည်း လုပ်ထုံးနဲ့အညီ ဘီးခွန်ကောက်ခံနေခြင်းဖြစ်တယ်။ ဝင်ငွေတွေရမှလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တဲ့ လမ်းတံတားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ သာယာလှပရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်တယ်။ အရင်ကဆိုင်ကယ်တစ်စီးကို ၂၅၀၀ ကျပ်ထိကောက်ခံခဲ့တယ်။ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ လူတိုင်းပေးနိုင်ဖို့ တစ်စီးကိုတစ်နှစ်စာအတွက် ၁၀၀၀ကျပ် လျှော့ချကောက်ခံရခြင်းဖြစ်တယ်”ဟု ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ရှင်းပြသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply