ဘိုးနက်ကျေးရွာရှိ လယ်သမားကြီး ဦးအောင်ငွေ၏ သက်ကယ်မိုး ယိုင်နဲ့နဲ့ တဲအတွင်း မစည်စဖူး အထူးစည်ကားနေသည်။
တဲအတွင်း ဦးအောင်ငွေ၏ မိသားစုနှင့် ရပ်ကျေးကော်မတီ အဖွဲ့ဝင်များ၊ ဆယ်အိမ်မှူးများစုရုံးကာ အပြန်အလှန် စကားပြောဆိုနေကြသည်။
စည်းကားနေသည့် အကြောင်းမှာ ၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ကျင်းပမည့် မွန်ပြည်နယ်၏ တစ်ခုတည်းသော ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေး ကောက်ပွဲကြီးတွင် ပြည်သူများ မဲထည့်ပိုင်ခွင့် ရရှိရေးအတွက် ၎င်းတို့က မဲစာရင်းများ လာရောက်ကောက်ယူနေခြင်း ဖြစ်ကြောင်း ဦးအောင်ငွေက ပြောပြသည်။

kawmashin

“ကြားဖြတ်အတွက် ခုကတည်းက သေချာစဉ်းစားဖို့လိုပြီ၊ ဒီတစ်ခါတော့ အပြောသက်သက် မဟုတ်ပဲနဲ့ လူထုကြား တကယ်ကိုဆင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးမယ့်လူကို ရွေးချယ်မှရတော့မယ်”ဟု ဦးအောင်ငွေက ဆိုသည်။
ဦးအောင်ငွေအနေဖြင့် အစိုးရသစ်တက်ပြီး ခုနှစ်လအတွင်း ကြုံတွေ့နေရသည့် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်နိုင်စွမ်းအခြေအနေများနှင့် လတ်တလော အဖြစ်အပျက်များအပေါ် အခြေခံပြီး ပြောဆိုခြင်း ဖြစ်သည်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD မှကြွေးကြော်ခဲ့သည့် ပြောင်းလဲချိန်တန်ပြီဆိုသည့် အတိုင်း မည်သည့် ရှူ့ထောက်ကမှ သိသာထင်ရှားသည့် အကောင်အထည်ဖော်မှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည့် အတွက် ပြည်သူများ၏ ဝေဖန်မှုများမှာ တစ်စစကြီးထွားလာသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စား ပြည်သူ့အသံကို ဖွင့်ထုတ်မည့် ကိုယ်စာလှယ်ကောင်း တစ်ဦးကို ချောင်းဆုံမြို့နယ် ဒေသခံများ ရွေးချယ်ရတော့မည်။

ချောင်ဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကို ဒေသခံများက စိတ်ပါဝင်စားမှု ပိုမိုမြင့်တက်လာရန် လိုအပ်ပေသည်။
လာမည့်နှစ်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့်ပါတီမှ ကိုယ်စားလှယ်လောင်းသို့ မဲပေးမည်ကို ချောင်းဆုံမြို့တွင် နေထိုင်သည့် ပြည်သူများက အိမ်နီးနားချင်း အချင်းချင်းအဖြစ်လည်းကောင်း၊ လဖက်ရည်ဆိုင်များအတွင်း တစ်ဖုံတီးတိုးစကားအဖြစ် ပြောဆိုလာကြပြီး ပြည်သူများ၏ စိတ်ဝင်စားမှုအရှိန်မှာ တစ်ဖြည်းဖြည်း မြင့်တက်လာပြီ။

“ကိုယ့်မြို့နယ်ကို တိုးတက်အောင်လုပ်ပေးနိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မရှိသေးတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်တို့ ပြည်သူတွေက ထပ်ပြီး မျှော်လင့်နေကြပါတယ်” ဟု ဒေါင်းရပ် အနောက်ကျေးရွာနေ ဦးလှရွှေက ဆိုသည်။
အစိုးရသစ်တက်ပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ပြည်ထောင်စုအဆင့် ဌာနအသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သွားကြပြီး ချောင်းဆုံမြို့နယ်အပါအဝင် လစ်လပ်သွားသည့် မဲဆန္ဒနယ်မြေ ၁၉ ခုရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ကြေငြာထားပြီးဖြစ်သည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော ်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည့် ဒေါ်ခင်ဌေးကြွယ်က ပြည်ထောင်စုအဆင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်သွားပြီး ယင်းလစ်လပ်နေရာအတွက် ကိုယ်စားလှယ်တစ်ဦး ကိုရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

၂ဝ၁၅ တွင် ကောက်ယူခဲ့သည့် မဲစာရင်းများအရ ချောင်းဆုံမြို့နယ်တွင် မဲပေးနိုင်သူ ဦးရေ ၁၂၇ဝဝဝ ဦးကျော် ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးလင်းတင်ဌေးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ်ကြည်ကြည်မြတိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ (AMDP) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြသဖြင့် ဥပဒေပြုရေးကဏ္ဍတွင် တာဝန်ထမ်းဆောက်လျက်ရှိကြသည်။

ပြည်သူများ၏ သဘောဆန္ဒအရ ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကာ ၎င်းတို့နှစ်သက်သော ပါတီများကို ပေးခဲ့ကြသော်လည်း လက်တွေ့တွင် မြို့နယ်ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ အားနည်းနေသေးကြောင်း ပြည်သူများက ဆိုကြသည်။
“အစိုးရသစ်တက်ပြီး အခုချိန်ထိ ဘာမှတိုးတက်လာတာ မရှိဘူး၊ လွှတ်တော်ကိုယ်စားလှယ် အနေအထားက လည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကိုအပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်းတော့ မရှိသေးဘူး”ဟု ဦးလှရွှေက ဆိုသည်။

ပြည်နယ်လွှတ်တော်အတွင်း ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်များက ၎င်းတို့မြို့နယ်၏ အခက်အခဲများကို အတန်အသင့် တင်ပြဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ပြည်ထောင်စုအဆင့် လွှတ်တော်အတွင်းသို့ တိုးမပေါက်ဘဲ အင်အားနည်းသည့် အခြေအနေတွင် ရှိနေသည်ဟု ပြည်သူများကအားမလိုအားမရ ဖြစ်နေဆဲပင်။

ထို့ပြင် အစိုးရတက်ပြီး ခုနှစ်လအတွင်း ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း၊ တရားဥပဒေစိုးမိုးမှုလျော့ပါးလာခြင်းနှင့် လူတန်းစား အရပ်ရပ်အတွက် အခြေခံကျသည့် ကိစ္စရပ်များတွင် စွမ်းဆောင်နိုင်ခြင်းမရှိသေးသဖြင့် အစိုးရကို ဝေဖန်ခြင်းနှင့်အတူ အစိုးရကို ထောက်ပြပေးရသည့် ဥပဒေပြုလွှတ်တော်၏ ကဏ္ဍကိုလည်း မေးခွန်းများ ထုတ်လာကြပြီဖြစ်သည်။

“ကိုယ်စားလှယ်တွေကို အားမရဘူး၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ အစိုးရကို ထောက်ပြရမယ့်နေရာမှာ အားနည်းနေလို့ အစိုးရက ပရမ်းပတာဖြစ်ရတာမျိုးလား ဆိုပြီးတော့လည်း စဉ်းစားမိတယ်”ဟု ချောင်းဆုံ မြို့ပေါ်ရပ်ကွက်နေ ဦးလှကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်ကလည်း လာမည့်ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံးကို NLD က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရမည်ဟု ကြုံးဝါးထားသည်။

ခေါင်းဆောင်ပိုင်းတွင် လူစားထိုးပြီး နိုင်ငံရေးဗျူဟာများ ပြောင်းလဲခဲ့သော အတိုက်အခံပါတီကြီးဟု ဆိုရမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့်လည်း လစ်လပ်နေရာရရှိရေးကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားကြသည်ဟု ဆိုသည်။
“ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ ကြားဖြတ်မှာ မဖြစ်မနေဝင်ရောက်ယှဉ်ပြိုင်ဖို့တော့ ရှိပါတယ်၊ လွှတ်တော်ထဲမှာ အတိုက်အခံ သဘောမျိုးကြီးပဲ မဟုတ်ပဲနဲ့ ပြည်သူတွေ တကယ်လိုအပ်တဲ့ဟာတွေကို အတူပူးပေါင်းပြီးတော့ ဆောင်ရွက်ချင်ပါတယ်”ဟု ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမင်းအောင်သူက ထုတ်ဖော်ပြောဆိုသည်။

အခြားတစ်ဖက်တွင် ချောင်းဆုံမြို့နယ်တွင် အင်အားကြီး မွန်လူမျိုးစု ပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း သုံးဦးကို အပြီးသတ်လျာထားပြီးဖြစ်သည်။
ထို့ပြင် ချောင်းဆုံမြို့နယ် AMDP ပါတီဝင်များက မွန်ပြည်သူများ မဲမကွဲစေရန်အတွက် အခြားမွန်လူမျိုး စုပါတီ တစ်ခုဖြစ်သည့် မွန်အမျိုးသားပါတီနှင့် ပေါင်းစည်းရန် ၎င်းတို့ပါတီ၏ အထက်ပုဂ္ဂိုလ်များကို ဖိအားပေးနေသည့် အခြေအနေတွင် ရှိနေသည်။
ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှ ပါတီကြီးများ၏ အခြေအနေမှာ တစ်ခုနှင့်တစ်ခု သာလွန်သည်ဟူ၍မရှိပဲ မျှခြေအနေအထားတွင်သာ ဆက်လက်တည်ရှိနိုင်မည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

“လက်ရှိပါတီတွေ အနေအထားအရ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပွဲက လှမယ့်သဘောမှာရှိတယ်၊ ပါတီထက် ဘယ်သူက ရွေးကောက်ပွဲမှာ မင်းသားဝင်လုပ်မလဲဆိုတဲ့ဟာက ပိုအရေးကြီးလာမယ်လို့ထင်တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုး၊ NLD၊ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) တို့သာ ကြားဖြတ်ရွေးကောက်ပွဲအတွက် လှုပ်လှုပ်ရှားရှားဖြစ်နေပြီး ကျန်ပါတီများမှာအတန်ငယ် ငြိမ်သက်လျက်ရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းရီကပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အပါအဝင် အချို့သော ပါတီများကလည်း ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မှု ရှိမရှိကို ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းမှသာ အပြည့်အဝ သိရှိရမည် ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်ကဲ့သို့ အင်အားကြီးပါတီများက ပြည်သူများအပေါ် လွှမ်းမိုးခွင့် ရနိုင်မည်မဟုတ်ပဲ ပြည်သူများ၏ သဘောဆန္ဒအလျောက် ကွာခြားချက်များရှိလာနိုင်ခြေလည်း ရှိနေသည်။

ချောင်းဆုံမြို့နယ်အရပ်ရပ်ရှိ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲ အတွေ့အကြုံများကို အတန်အသင့်လရရှိခဲ့ပြီးဖြစ်ရာ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများ၏ မက်လုံးများကို အလွယ်တစ်ကူ ယုံကြည်တော့မည် မဟုတ်ပေ။

ချောင်းဆုံဒေသခံများသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းတို့၏ ဘီးလူးကျွန်းဒေသကို အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက်မည့်သူကိုသာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တင်မြှောက်လိုကြောင်း ဒေသခံများက ဆိုလာကြပြီဖြစ်သည်။
“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကြရင်တော့ ကိုယ့်ကျွန်းကို တကယ်အကျိုးပြုနိုင်မယ့် ကိုယ်စားလှယ်လောင်းပဲ မဲပေးဖို့တော့ စဉ်းစားထားတယ်”ဟု ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အငြိမ်းစားဦးစီးအရာရှိ ဦးတင်အောင်က ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ပါတီများထက် အဓိက ဝင်ရောက်ယှဉ်ပြိုင်မည့်သူကိုသာ အလေးအနက်ထားတော့မည်ဟု ချောင်းဆုံမြို့နယ် ပြည်သူများက ဆိုလာကြခြင်းကို ကြားဖြတ်ကာလ မရောက်ခင်စပ်ကြား စည်းရုံးရေး ဆင်းကြဦးမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ အရေးတစ်ကြီး သိထားအပ်ပေသည်။

“ဒီတစ်ခါကျရင် ကိုယ်ကြိုက်တဲ့လူပဲ ကိုယ်ရွေးမယ်၊ အရင်ကလိုမျိုး ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုတဲ့ အပြောလှလှလေးတွေကို လွယ်လွယ်နဲ့ ယုံကြည်တော့မှာမဟုတ်ဘူး”ဟု ခရိုက်သစ်ကျေးရွာမှ မသင်းသင်းလှက ကြားဖြတ်ရွေးကောက်ပွဲအပေါ်ထားရှိသည့် ၎င်း၏သဘောထားကို ဖွင့်ဟလေသည်။

Written by – ဖိုးဝ

Leave a Reply