ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြင်းမရှိသည့် နေရာများ၌ မြေတူး၊ ကျောက်တူးခြင်းလုပ်ငန်းများကို ယာယီခွင့်ပြုသင့်ကြောင်း ဒေသခံများပြောဆိုသည်။

“ချောင်းဆုံမြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်၊ အထူးသဖြင့် ရွာချင်းဆက်လမ်းနဲ့ ကွင်းကူးလမ်းတွေကို မြေသားလမ်းခင်းတာတို့၊ ကတ္တရာလမ်းခင်းတာတို့ လုပ်ကိုင်နေတယ်၊ လုပ်ငန်းတွေလည်း မပြီးပြတ်သေးဘူး အချိန်မီ ပြီးစီးနိုင်ဖို့ လုပ်ကိုင်နေရတယ်၊ ပြင်ပက ကျောက်တွေ ဝယ်ယူ တင်သွင်းမယ်ဆိ်ုရင် ဈေးနှုန်း ထက်ဝက်ကျော် ပိုမိုကုန်ကျမှု ရှိနေတယ်”ဟု ချောင်းဆုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဆိုသည်။

ချောင်းဆုံမြို့နယ်မှ ကျောက်တူး လုပ်ငန်းများမှာ လမ်းခင်းနိုင်သည့် ကျောက်သားများကို လူအားဖြင့်သာ တူးယူနေကြပြီး စက်ယန္တရားဖြင့်တူးဖော်ခြင်း၊ မိုင်းခွဲ၍ တူးဖော်ခြင်းများလည်း မရှိသဖြင့် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ပြီးစီး၍ ပြင်ပဒေသများမှ အလွယ်တကူ ဝယ်ယူသယ်ဆောင်နိုင်သည့် အချိန်မှသာ ဒေသမှ တရားမ ဝင်လုပ်ကိုင်နေသည့် မြေတူး၊ ကျောက်တူးခြင်းလုပ်ငန်းများကို ပိတ်ပင်သင့်ကြောင်း ချောင်းဆုံမြို့နယ်မှ မြို့မိမြို့ဖ ဦးညွန့်ဝင်းက ပြောသည်။

မြေတူး၊ ကျောက်တူးခြင်း လုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နောက်ဆုံးထား၍ လုပ်ငန်းများ ပိတ်သိမ်းရန် ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတိပေး တားမြစ်ထားပြီး ယခု လုပ်ငန်း လုပ်ကိုင်နေသူများမှာ ခွင့်ပြုချက် တရားဝင် လျှောက်ထားဆဲဖြစ်ကြောင်း ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာကာကျော်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် မြေတူး၊ ကျောက်တူးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်မှ ခွင့်ပြုချက် ရရှိ်ရန် စောင့်ဆိုင်းနေချိန်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်နေချိန်ဖြစ်၍ လတ်တလောတွင် ခွင့်ပြုသင့်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် မြေတူး၊ ကျောက်တူးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ငန်းခွင့် ပြုချက်များ ရယူပြီးမှသာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် သတိပေးတားမြစ်ထားခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply