ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များအသုံးနည်းလာသည့်အပြင် ပြင်ပဒေသများသို့ ပို့ဆောင်ရာတွင်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား နည်းလာခြင်းကြောင့် ဓနိဖက်ခြံလုပ်ငန်းရှင်များ လုပ်ငန်းအဆင်မပြေမှုများ ဖြစ်လာကြောင်း ဒေသခံ ဓနိဖက်လုပ်ငန်းရှင်များက ပြောကြားသည်။

“အရင်နှစ်တွေနဲ့ စာရင် ဒီနှစ်က ပိုပြီး ရောင်းအားနည်းလာတယ်၊ အိမ်တိုင်းနီးပါး ထင်းရုံတွေ မလုပ်တော့ဘူး၊ လယ်သမား အများစုက ဒေသမှာ ထွန်စက်တွေကို အသုံးများလာတော့ နွားမွေးတဲ့လူလည်း နည်းလာတဲ့ အတွက် နွားရုံတွေ ကောက်ရိုးအမိုးအကာတွေ မလုပ်ကြတော့ဘူး၊ အိမ်တွေကလည်း သူသွပ်မိုး ငါသွပ်မိုးနဲ့ ဓနီဖက် အသုံးနည်းလာတယ်”ဟု ချောင်းဆုံမြို့နယ်မှ ဓနိဖက်ရောင်းဝယ်သူ ဦးလှဦးက ဆိုသည်။

ဓနိဖက်ကို အသုံးပြုနိုင်သည့် အဆင့််ဖြစ်ရန် ဖက်ခုတ်လုပ်သားစရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဖက်တံစရိတ်၊ ဖက်ထိုးစရိတ်နှင့် အခြားအထွေထွေ စရိတ်များ ဖယ်ရှားပြီးလျှင် ဖက်ပျစ်တစ်ရာလျှင် ခြံရှင်အတွက် ၁၀ဝ၀ ကျပ်ပင် မကျန်တော့ကြောင်း ဘိုးနက်ကျေးရွာလယ်ကွင်းမှ ဓနိဖက်ခြံလုပ်ကိုင်သူ ဦးဝင်းမြင့်က ပြောသည်။
ထိုပြင် ဖက်ဈေးနှုန်း နိမ့်ကျနေသော်လည်း လုပ်သားစရိတ်မှာ မြင့်မားနေခြင်းကြောင်း ၎င်းက ပြောဆိုသည်။

“အရင်ကတော့ ဘီလူးကျွန်းက ဓနိဖက်တွေကို စက်လှေတွေနဲ့ တနင်္သာရီတိုင်းဒေသကြီးကိုလည်း ပို့တယ်၊ မွန်ပြည်နယ်အတွင်းက တခြားမြို့နယ်တွေကိုလည်း ပို့တယ်၊ အခုနှစ်မှာ မှာယူသုံးစွဲသူ နည်းလာတယ်”ဟု ကွမ်သဲကျေးရွာမှ ဓနိဖက်တင်ပို့သူ ဦးတင်မြင့်က ဆိုသည်။

ဓနိဖက်ခြံရှင်ထံမှ ဖက် ၁၀ဝ လျှင် ဖောက်သည်ဈေး ၃၃၀ဝ ကျပ်ပေါက်ဈေးဖြင့် ဝယ်ယူနေရပြီး ဝန်ဆောင်ခ အပါအဝင် ဒေသတွင် တစ်ဆင့်ပြန်ရောင်းဈေးမှာ ဖက် ၁၀ဝ လျှင် ၄၅၀ဝ ကျပ်ပေါက်ဈေးရှိကြောင်း ဓနိဖက်ကို ချောင်းဆုံမြို့နယ်တွင် ကားဖြင့်လှည့်လည်ရောင်းချသူ ဦးကျာ်ထွေးက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ကျေးရွာများရှိ မြစ်ချောင်းကမ်းနားနေရာများ၌ ဓနိဖက်စိုက်ပျိုး ဖြစ်ထွန်းနိုင်ပြီး ဟင်္သာကျွန်းနှင့် ကွမ်သဲကျေးရွာတို့တွင် ဓနိဖက် အများဆုံးထွက်ရှိကြောင်း မရမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ငွေက ဆိုသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply