ချောင်းဆုံ၊ မေ

ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ချောင်းဆုံမြို့နယ်မှ အဝေးပြေးလမ်းများတွင် လမ်းညွှန် အမှတ်အသားများ ထားရှိရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ချောင်းဆုံမြို့နယ်မှာ အရင်ကတော့ ဒေသတွင်းက ယာဉ်တွေလောက်ပဲ ပြေးဆွဲသွားလာနေတယ် အခု ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ၊ တံတားဖွင့်လှစ်လိုက်တော့ နယ်ပေါင်းစုံက ယာဉ်တွေလည်း ပြေးဆွဲသွားလာနေတယ် လမ်းအကွေ့ အကောက်တွေမှာ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေတယ်”ဟု ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာကာကျော်က ဆိုသည်။

လမ်းအချိုးအကွေ့များတွင် ယာဉ်ကြော အမှတ်အသားများမရှိ၍ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ နေ့စဉ် နီးပါးဖြစ်ပေါ်နေပြီး အဆိုပါ ဖြစ်စဉ်များကြောင့် သေမှုသေခင်းများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“လမ်းအချိုးအကွေ့တွေမှာ ပြုပြင်သင့်တာတွေပြုပြင်ဖို့၊ ယာဉ်ကြော၊ လမ်းကြော အမှတ်အသားတွေ ထားရှိဖို့ အမှန်တကယ် လိုအပ်နေပါတယ်၊ လမ်း၊ တံတားတာဝန်ရှိသူတွေ အနေနဲ့ အချိန်မီ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေတယ်၊ ယာဉ်မောင်းများအနေနဲ့ ရွာတွင်းမှာ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အရှိန်လျော့ မောင်းနှင်ကြဖို့ သတိပေးလိုတယ်”ဟု ကညှော်ကျေးရွာ ရဲကင်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက ဆိုသည်။

ချောင်းဆုံမြို့နယ်မှ အဝေးပြေးလမ်းများတွင် ယာဉ်ကြော၊ လမ်းကြော အမှတ်အသားများကို  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိန်းရေးအဖွဲ့နှင့် ချောင်းဆုံမြို့နယ်ဆောက်လုပ်ရေး ဦးစီးဌာနတို့မှ ညှိနှိုင်းလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း ချောင်းဆုံမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှသိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply