ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

“အခု တည်ဆောက်နေတဲ့ ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းက အချင်းပေ ၆၀၊ ဟင်္သာရုပ်တုအမြင့်က အောက်ခြေအမြီးအဖျားထိ ရှစ်ပေ ရှိပါတယ်၊ ယာဉ်ပတ်အဝိုင်း တည်ဆောက်ခြင်းနဲ့ အဝိုင်းပတ်လမ်း လုပ်ဆောင်ခြင်းတို့ကို စတင်လုပ်ဆောင်နေပြီ”ဟု ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာမှူး ဦးအောင်စိုးကြိုင်က ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် တည်ဆောက်နေသည့် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းနှင့် အဝိုင်းပတ်လမ်းကို လုပ်သား အင်အား ၃၀ ဖြင့် စတင်တည်ဆောက်နေပြီး မတ် ၃၁ ရက်ထိ နောက်ဆုံးထားကာ အပြီးတည်ဆောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်း တည်ဆောက်ရာမှာ မြန်မာမှုအနုပညာ လက်ရာတွေ ပါဝင်တယ်ဆိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တွဲဖက်လုပ်ဆောင်ရမှာ ဖြစ်တယ်၊ လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကို တွက်ချက်နေဆဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းမှာ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ချဉ်းကပ်လမ်းအဆုံး ဖြစ်သော ကညှော်ကျေးရွာလမ်းနှင့် ကျွန်းပတ်လမ်းတို့ လမ်းသုံးသွယ် ဆုံဆည်းရာဖြစ်၍ ယာဉ်ပတ်အဝိုင်း ထားရှိခြင်းဖြင့် ယာဉ်အန္တရာယ် ပိုမိုကင်းရှင်းစေနိုင်ကြောင်း ချောင်းဆုံမြိုနယ် ဒေသခံများက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply