ချောင်းဆုံ၊ မတ် ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်ထု တပ်ဆင်တော့မည် မဟုတ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်စိုးကြိုင်က ပြောဆိုသည်။

လက်ရှိအခြေအနေ၌ မည်သည့်ရုပ်တုကိုမျှ တပ်ဆင်ရန် အစီအစဉ် မရှိသေးကြောင်းနှင့် ကညှော်ကျေးရွာအုပ်စု၊ ကတောင်စိန်ကျေးရွာနှင့် နီးနေ၍ ကတောင်စိန်အဝိုင်းဟုသာ အမည်တွင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိအချိန်အထိတော့ ကျွန်းပတ်လမ်းက အဝိုင်းထိပ်မှာ ဘာရုပ်တုကိုမှ တင်ဖို့အစီအစဉ် မရှိသေးဘူး၊ ဟင်္သာအဝိုင်းလည်း မဟုတ်တော့ဘူး ဘာမှလည်း မတင်တော့ဘူး ဒီအတိုင်းပဲ ထားတော့မယ်”ဟု ဦးအောင်စိုးကြိုင်က ပြောသည်။

ယာဉ်အသွားအလာ အဆင်ပြေရန်နှင့် ယာဉ်အန္တရာယ် ပိုမိုကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် အချင်းပေ ၆၀ ရှိသည့် ယာဉ်ပတ်အဝိုင်း ထားရှိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ယာဉ်ပတ်အဝိုင်းသည် မော်လမြိုင်-ချောင်းဆုံ (တံတား) ချဉ်းကပ်လမ်းအဆုံး ကျွန်းပတ်လမ်းသုံးသွယ် ဆုံဆည်းရာနေရာလည်း ဖြစ်သည်။

“အခုဆောက်လုပ်နေတဲ့ အဝိုင်းထိပ်မှာ ဘာရုပ်တုကို တင်မယ်လို့ အခုချိန်ထိ ညွှန်ကြားထားတာ မရှိသေးဘူး၊ အခုလုပ်နေတဲ့ လုပ်ငန်းကို မတ်လ ၂၅ ရက်နေ့မှာ အပြီးသတ် လုပ်ဆောင်သွားမယ်၊ ကျွန်တော့် တာဝန်က ဒီလောက်ပဲ”ဟု ယာဉ်ပတ်အဝိုင်းကို တာဝန်ယူလုပ်ကိုင်နေသော ချောင်းဆုံမြို့နယ်မှ မြန်မာမှုလက်ရာ ကျွန်းကျင်ပညာရှင် ဦးမြင့်သိန်းက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ဆောက်လုပ်နေသည့် ယာဉ်ပတ်အဝိုင်းနှင့် ယာဉ်ပတ်အဝိုင်းလမ်းများကို လုပ်သား အင်အား ၃၀ ဦးဖြင့် တည်ဆောက်လျက်ရှိပြီး မတ်လ ၃၁ ရက် နောက်ဆုံးထား တည်ဆောက်ရမည် ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ သိရသည်။

ယခင်က အဆိုပါ ယာဉ်ပတ်အဝိုင်းတွင် အမြင့်ရှစ်ပေရှိ ဟင်္သာရုပ်တု ထားရှိမည်ဟုလည်း သတင်းများ ထွက်ပေါ်ထားခြင်းဖြစ်သည်။

Writtn by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply