ချောင်းဆုံမြို့နယ်အတွင်းရှိကျေးရွာများတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာယင်းအဖွဲ့၏ဖမ်းဆီးအရေးယူနေမှုဒ ဏ်ငွေသတ်မှတ်ပေးဆောင်နေရမှု အပေါ်ဒေသခံများအမြင်မရှင်းဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။

chaung-sone

“အခုတလောချောင်းဆုံမြို့နယ်မှာယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကဒေသအတွင်းမှာစစ်ဆေးအရေးယူမှုတွေပိုမိုလုပ်ဆောင်နေတယ်၊စည်းကမ်းပျက်ယာဉ်တွေ ယာဉ်မောင်းလိုင်စင်မရှိတဲ့သူတွေကိုလည်းထိရောက်စွာအရေးယူနေတယ်၊ အချို့ကနှစ်မှုသုံးမှုထိဒဏ်ကြေးငွေပေးဆောင်နေရတာလည်းရှိတယ်၊ အချို့ကိုမြို့နယ်တရားရုံးမှာဒဏ်ကြေးပေးဆောင်ဖို့ဖြတ်ပိုင်းတွေပေးတယ်၊ အချို့ကိုဖမ်းတဲ့နေရာမှာညှိုပြီးပေးဆောင်နေတာလည်းရှိတယ်”ဟုကညှော်ကျေးရွာမှ ဦးသားလေးကဆိုသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှကျေးရွာများတွင်ဆိုင်ကယ်ဘေးတွဲနောက်တွဲများကိုတင်းကျပ်စွာအရေးယူနေသော်လည်းချောင်းဆုံမြို့ပေါ်တွင်ဆိုင်ကယ်နောက်တွဲ၊ဘေးတွဲများဖြင့်လွတ်လပ်စွာပြေးဆွဲသွားလာနေသည်ကိုတွေ့မြင်နေရ၍အရေးယူမှုအပေါ်အမြင်မရှင်းဖြစ်နေကြောင်းမြို့ပေါ်နှင့်ကျေးရွာမခွဲခြားဘဲတစ်ပြေးညီအရေးယူစေလိုကြောင်းဘိုးနက်ကျေးရွာမှ ဦးတင်ဖေကပြောသည်။

“ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ကတောင်စိန်ကျေးရွာအောင်ခင်ဇရပ်လမ်းဆုံမှာတွေ့တယ်၊ ယာဉ်မောင်းလိုင်စင်မရှိတဲ့ပြစ်မှုနဲ့ ကျွန်တော်နဲ့ကျွန်တော်ညီအစ်ကိုတွေကို မြို့နယ်မှာဒဏ်ကြေးငွေတစ်ယောက်ငါးသောင်းစီပေးဆောင်ဖို့ ဖြတ်ပိုင်းတွေပေးပြီးယာဉ်လိိုင်စင်သိမ်းသွားတယ်၊ အရေးယူတဲ့အဖွဲ့ကိုချောင်းဆုံY2K လက်ဖက်ရည်ဆိုင်မှာတစ်ယောက်လေးသောင်းစီပေးပြီးယာဉ်လိုင်စင်ပြန်ရခဲ့တယ်”ဟုမုဒွန်းကျေးရွာမှ ဦးအောင်လွင်စိုးကဆိုသည်။

ပြည်သူများယာဉ်စည်းကမ်းမညီညွတ်မှုအတွက်ပေးဆောင်ကြရသည့်ဒဏ်ကြေးငွေများကိုနိုင်ငံဘဏ္ဍာအဖြစ်အပြည့်အဝရောက်ရှိစေရန်စစ်ဆေးအရေးယူသောအဖွဲ့မှပြည်သူများပေးဆောင်သည့်ငွေကြေးကိုလေလွင့်မှုမရှိစေရန်နှင့်အမြင်ရှင်းအောင်လုပ်ဆောင်ကြစေလိုကြောင်း၊ သတ်မှတ်စည်းကမ်းနှင့်မကိုက်ညီမှုအပေါ်ပထမဦးဆုံးအကြိမ်သတိပေးခြင်းနှစ်မှု၊သုံးမှုအရေးယူခြင်းထက်အသိပညာပေးပြီးအမှုလျှော့ချသင့်ကြောင်းမုဒွန်းကျေးရွာမှဦးအောင်လွင်စိုးကဆိုသည်။

ချောင်းဆုံမြို့နယ်တွင်ယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မှု၊ယာဉ်မတော်တဆမှုများတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာ၍မြို့နယ်အတွင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းများစနစ်တကျရှိစေရေးအတွက်မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှအဖွဲ့ပေါင်းစုံဖြင့်စစ်ဆေးအရေးယူနေခြင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှာလည်းစစ်ဆေးအရေးယူနေသည့်အချိန်များတွင်သာစည်းကမ်းကိုလိုက်နာပြီးကျန်အချိန်များတွင်စည်းကမ်းမဲ့သွားလာနေကြကြောင်းမြို့ပေါ်နှင့်ကျေးရွာခွဲခြားအရေးယူနေခြင်းမျိုးမရှိကြောင်းချောင်းဆုံမြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

Leave a Reply