ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင်၊ မြို့နယ်ကြက်ခြေနီအသင်းရုံး ဆောက်လုပ်နိုင်ရန်အတွက် ငွေကြေးအကူအညီများ လိုအပ်နေပြီး အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက ပါဝင်ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။

“ချောင်းဆုံမြို့နယ်မှာ ကြက်ခြေနီရုံး ဆောက်လုပ်ဖို့ မြေနေရာ သတ်မှတ်ပေးထားတာရှိပါတယ်၊ ရုံးခန်းအတွက် မြန်မာနိုင်ငံ ကြက်ခြေအသင်းအနေနဲ့ ငွေသိန်း ၂၀ ကျပ်ကူညီပံ့ပိုးခဲ့ပါတယ်၊ မြို့နယ်က အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေနဲ့ စေတနာရှင် အလှူတွေက ငွေကျပ်သိန်း ၂၀ ကျော် အလှူခံရရှိထားပြီးဖြစ်ပါတယ်၊ ကြက်ခြေနီ ရုံးခန်း ပြီးစီးအောင်မြင်စွာ ဆောက်လုပ်နိုင်ဖို့ အစိုးရဌာနအသီးသီးကလည်း လစ်လျူရှုမနေဖို့ ကူညီဆောင်ရွက် ပေးကြဖို့လိုတယ်”ဟု ၎င်းက ပြောဆိုသည်။

မြို့နယ်ကြက်ခြေနီရုံးခန်း ဆောက်လုပ်နိုင်ရန် ငွေကျပ် သိန်း ၇၀ ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းရှိသော်လည်း ယင်းအသင်းအတွက် ယနေ့အချိန်အထိ ရုံးခန်း မရှိသေးကြောင်း၊ ရုံးခန်းဆောက်လုပ်ရန် ငွေကျပ်သိန်း သုံးဆယ်ကျော် လိုအပ်နေသေးကြောင်း ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်း ဒုဥက္ကဋ္ဌ ဦးခိုင်မာက ဆိုသည်။

“ကြက်ခြေနီအသင်း ရုံးခန်းရှိလာရင် အရေးပေါ်အခြေအနေမှာ တပ်ဖွဲ့ဝင်တွေကို အလွယ်တကူ စုဆောင်း နိုင်တယ်၊ မြို့နယ်အတွက် တပ်ဖွဲ့ဝင်အင်အား သစ်တွေ တိုးချဲ့စုဆောင်းနိုင်တယ်၊ ကြက်ခြေနီနဲ့ ပတ်သက်တဲ့ သင်တန်းတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းကသင်တန်းတွေ လုပ်နိုင်ဖို့နေရာအဖြစ်လည်း အသုံးပြုနိုင်တယ် ကယ်ဆယ်ရေးပစ္စည်းတွေ ထားသိုနိုင်ဖို့အတွက်လည်း အဆင်ပြေနိုင်တယ် လောလောဆယ်မှာ ရရှိထားတဲ့ ငွေကြေး အတိုင်းအတာလောက်နဲ့ အစပျိုးလုပ်ဆောင်ထားဖို့ အစီအစဉ် ရှိတယ်”ဟု ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်း အတွင်းရေးမှူး ဦးစိုးရင်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ကြက်ခြေနီအသင်းရုံးခန်း ဆောက်လုပ်နိုင်ရန် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စေတနာရှင်အလှူရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်သွားစေလိုကြောင်း ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသူက ပြောကြားသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply