Advertisements

အဆုံးပြုဆဲဖြစ်သော ချောင်းဆုံမြို့နယ်မှ လက်ရှိလမ်းနယ်နိမိတ်ကို ပေ ၁၀၀ ထိသတ်မှတ်ရန်မသင့်ကြောင်းနှင့် ခေတ်ကာလအရ လိုအပ်ပါက ကျွန်းပတ် မြို့ရှောင်လမ်း၊ ရွာရှောင်လမ်းများကိုသာ လမ်းသစ်ရွေးချယ်ဖောက်လုပ်သင့်ကြောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောကြားသည်။

“ဘီလူးကျွန်းဟာ အရင်ကဘယ်ဒေသနဲ့မှ ကုန်းလမ်းခရီး တစ်ဆက်တစ်စပ်တည်း မရှိခဲ့ဘူး။ တံတားတစ်စင်း ရှိလာမှ မော်လမြိုင်မြို့နဲ့ တစ်ဆက်တည်းဖြစ်လာတယ် ။ လမ်းတွေက အရင်ကတည်းကစနစ်တကျလုပ်ခဲ့တာ မဟုတ်တဲ့အတွက် အခုအချိန်မှ ဆောက်လုပ်ရေးဌာနက လမ်းနယ်နိမိတ်ကို ပေ၁၀၀ သတ်မှတ်တာ မဖြစ် သင့်ဘူး။ လက်ရှိလမ်းတွေကို ပေ ၁၀၀ အပြည့်လုပ်မယ်ဆိုရင် မြို့ရွာတွေကို ဖျက်ဆီးနေတာနဲ့တူတယ်”ဟု ၎င်း က မှတ်ချက်ပြုသည်။

ယာဉ်အဆက်မပြတ်ပြေးဆွဲသွားလာနေသည့် နိုင်ငံတစ်ဝှမ်းမှ မြို့ကြီးများတွင်ပင် ပေ ၁၀၀ လမ်းအပြည့်အ၀ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ မြို့နယ်အတွင်းမှ လက်ရှိလမ်းများကို ရေမြောင်း ၊
ပလက်ဖောင်းများဖြင့် စနစ်တကျ ဖြစ်အောင် ပြုပြင်စေလိုကြောင်း ၎င်းကဆိုသည်။

“ခေတ်အဆက်ဆက်က ခဏလမ်းလုပ်လိုက် ၊ ခဏလမ်းချဲ့လိုက် ၊ အဆောက်အဦတွေ ဖျက်လိုက်နဲ့ ပြည်သူ တွေနစ်နာခဲ့ရတယ်။ တချို့လူတွေဆိုရင် အိမ်ထိယာထိနဲ့ ပြန်ပြီးနလန်မထူနိုင်အောင်ဖြစ်ခဲ့ရတာလည်းရှိ တယ်”ဟု သက္ကောကျေးရွာမှ ဦးမြင့် ကဝေဖန်ထောက်ပြသည်။

လမ်းနယ်ကို ပေ ၁၀၀ ထိသတ်မှတ်မည်ဆိုပါက လမ်းနယ်အောက်ရောက်ရှိ သွားမည့် ပြည်သူများကို နစ်နာမှု မရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့်နှုန်းထားများဖြင့် ပြန်လည်ပံ့ပိုးစေလိုကြောင်း မုဒွန်းကျေးရွာမှ ဦးစိုးမြင့်အောင်က ပြောသည်။

“မြို့ပြင် ၊ ရွာပြင်တွေမှာ ပေ ၁၀၀ လုပ်ချင်တယ်။ ရွာထဲမှာက ပေ ၃၀ မပြည့်တဲ့နေရာတွေလည်း ရှိတယ်။ လုပ်မယ့်အတူတူ လမ်းအနေအထားက ကျဉ်းလိုက်ကျယ်လိုက်မဖြစ်သင့်ဘူး။ အားလုံးတပြေးညီဖြစ်သင့်တယ် ” ဟု ကညှော်ကျေးရွာက ဦးမောင်က အကြံပြုပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ချဉ်းကပ်လမ်းဖောက်လုပ်စဉ်အချိန်မှ စတင်ကာ မြို့နယ်တွင်း လမ်းနယ်နိမိတ်ကို ပေ ၁၀၀ သတ်မှတ်ခဲ့ကြောင်း၊ယခင်က ယင်းသို့ သတ်မှတ်ထားခြင်းမရှိခဲ့ကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနထံမှ သိရသည်။
လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply