Advertisements

ချောင်းဆုံ ၊ နိုဝင်ဘာ

ချောင်းဆုံမြို့ပေါ်ရပ်ကွက်များတွင် ယာဉ်အန္တရာယ်လျော့ပါးရေးအတွက် လူကူးမျဉ်းကျားနှင့် လမ်းအမှတ် အသားများ ပြုလုပ်ထားစေလိုကြောင်း ချောင်းဆုံအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မြင့် ကအကြံပြု ပြောကြားသည်။

“စာသင်ကျောင်းတွေကလည်း လမ်းမပေါ်မှာဖြစ်နေတယ်။ ကျောင်းသားတွေယာဉ်အန္တရာယ်ကင်းစေဖို့ လူကူးမျဉ်ကျားတွေ လုပ်ဖို့လိုတယ်။ ချောင်းဆုံအဝင်လမ်းဆုံ ကမ္ဘောဇဘဏ်ရှေ့ကနေ ချောင်းဆုံအထက် တန်းကျောင်းထိ လမ်းအမှတ်အသားတွေလည်း လုပ်စေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဆုံမြို့အဝင်လမ်းဆုံနှင့် ချောင်းဆုံဈေးနီးတစ်ဝိုက်တွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေ၍ ယာဉ်အန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ထားစေလိုကြောင်း ၎င်းက ပြောသည်။

မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများမှ ကျွန်းပတ်လမ်းများပေါ်တွင်လည်း လူကူးမျဉ်းကျားများ၊ လမ်းအမှတ်အသားများပြုလုပ်ရန် များစွာကျန်ရှိနေသေးကြောင်း၊ ဌာနဆိုင်ရာက ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဒေါင်းဥကျေးရွာ ကုန်းဆင်းမှ လမ်းဘေးသစ်ငုတ်တိုများကို တိုက်မိရာမှ သေဆုံးမှုများရှိခဲ့ခြင်းအတွက် ယင်းတို့ကို သက်ဆိုင်ရာဌာနမှ ဖယ်ရှားစေလိုကြောင်း မုဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမွန်က ဆိုသည်။

“လမ်းဘေးမှာရှိတဲ့ သစ်ငုတ်တွေကမလွန်ပါဘူး။ တိုက်တဲ့လူတွေက လွန်တာပါ။ လမ်းဧရိယာထဲမှာရှိနေတော့ ဒီအတိုင်းဆက်ထားရင် ယာဉ်အန္တရာယ်တွေဆက်ပြီးဖြစ်နေမယ်”ဟု ၎င်းကပြောသည်။

ယာဉ်အန္တရာယ်လျော့ပါးရေးအတွက် ယာဉ်အသွားအလာများသည့် တံတားချဉ်းကပ်လမ်းပေါ်တွင် ယာဉ်လမ်းအမှတ်အသားများ အချက်ပြများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသအတွင်း လိုအပ်ချက်များကို လာမည့်နှစ်များတွင် တင်ပြတောင်းခံသွားရန်ရှိပြီး ခွင့်ပြုဘတ်ဂျက်ရရှိပါက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာက သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply