Advertisements

ချောင်းဆုံ ၊ ဖေဖော်ဝါရီ

ချောင်းဆုံမြို့နယ်အဝင်မုခ်ဦးကို ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အနီး ချဉ်းကပ်လမ်းပေါ်တွင် ပြုလုပ်သွားရန်ရှိကြောင်း မွန်ပြည်နယ် လွှတ်တော် ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ချောင်းဆုံမြို့နယ်အဝင်မုခ်ဦးကမရှိသေးတဲ့အတွက် လုပ်ဖို့လျာထားပြီးဖြစ်တယ် ။ အတည်ပြုချက်တော့ မရသေးဘူး။ အတည်ပြုချက်ရတာနဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်။ မုခ်ဦးလုပ်မည့်နေရာ အရွယ်အစားနှင့် ပုံသဏ္ဍန်တို့ကိုလည်း လျာထားပြီးဖြစ်တယ်”ဟု ဒေါက်တာအောင်နိုင်ဦး က ရှင်းပြသည်။

ယခင်က ဒေသတွင် ရေလမ်းခရီးတစ်ခုတည်းကိုသာအသုံးပြုခဲ့၍ ရေယာဉ်များပြေးဆွဲခဲ့သည့် ဆိပ်ကမ်းများတွင် သာအဆိုပါကျေးရွာ၏အဝင်မုခ်ဦးများကိုစိုက်ထူထားခဲ့ပြီး ယခုပြောင်းလဲလာသောလမ်းခရီးအနေအထားများ အရမြို့နယ်အဝင်မုခ်ဦးမှာအမှန်တကယ်ရှိသင့်ကြောင်း ဒေသခံများကပြောသည်။

“ချောင်းဆုံမြို့နယ်မှာပဲမြို့အဝင်မုခ်ဦးမရှိသေးတာပါ ။မွန်ပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာမြို့အဝင် မုခ်ဦးတွေ စိုက်ထူထားတာတော့တွေ့ရတယ် ။ ချောင်းဆုံမြို့နယ်ရဲ့ဒေသအဝင်မုခ်ဦး လုပ်ဖို့လျာထားတာကိုလည်း လက်ခံကြို ဆိုပါတယ်”ဟု ကညှော်ကျေးရွာမှ ဦးဘိုဖြူက ပြောသည်။

ယင်းအပြင် မြို့နယ်အဝင်၀ ကျေးရွာတစ်ခုဖြစ်သည့် ကညှော်ကျေးရွာ၌လည်းပြောင်းလဲလာသည့် လမ်းကြောင်းအနေအထားအရ ကျေးရွာ အဝင်မုခ်ဦးတစ်ခုကို ထပ်မံပြုလုပ်နိုင်ရန် ငွေကြေးစုဆောင်း နေပြီဖြစ်ကြောင်း ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးကဆိုသည်။

“ကညှော်ကျေးရွာမှာ အရင်ကလုပ်ခဲ့တဲ့အဝင်မုခ်ဦးက အနေအထားအရ အခုရွာအထွက်မုတ်ဦးလိုဖြစ်နေတယ် ။လာရောက်တဲ့ဧည့်သည်တွေကလည်းရွာအဝင်မုခ်ဦးကိုမတွေ့ရလို့ ရွာထဲကိုရောက်နေပေမဲ့ ကညှော်ကဘယ်မှာလဲ၊ ဘယ်လိုသွားရမလဲ၊ ဧည့်သည်တွေက ခဏခဏမေးနေကြတယ်။ အချို့ကလည်းအရင်ကရှိခဲ့တဲ့ မုခ်ဦးကိုတွေ့မှရွာထဲကိုပြန်လှည့်ရတာလည်းရှိတယ်”ဟု ၎င်းကရှင်းပြသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply