ချောင်းဆုံ၊ မေ ၂၄ ။ ။ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်မှသက်တမ်း ၁၀ဝ ကျော်ရှိဘိုတဲအား ပြုပြင်ထိန်းသိမ်း ရန်လိုအပ်နေကြောင်းအဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

DSCN0483 copy

ယခုအခါအဆိုပါ အဆောက်အဦကိုချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှလမ်းခင်း လုပ်သားများ နေထိုင်ရာအလုပ်သမားတန်းလျားအဖြစ်သုံးစွဲနေကြောင်းယင်းရပ်ကွက်တွင် နေထိုင်သူများ ကပြောသည်။

“အဆောက်အဦကတော့ခြောက်လက်မပတ်လည်ပျဉ်းကတိုးတိုင်နဲ့ ဆောက်လုပ်ထားတယ်၊ အဆာက် အဦအမြင့်ပေသုံးဆယ်ဝန်းကျင်ရှိတယ်၊ပျဉ်းကတိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းဖြစ်တယ်၊ အောက်ခြေတိုင်တွေ ကိုခြောက်လက်မပတ်လည်ပျဉ်းကတိုးတိုင်တွေနဲ့ ကန့်လန့်ဖြတ်ကျားကန်ထားတယ်၊ အဆောက်အဦကိုဒီအတိုင်းပစ်ထားမဲ့အစားထိန်းသိမ်းပြုပြင်သင့်တယ်ဟု”ဒေသခံဦးအေးကြူကပြောဆိုသည်။

အဆိုပါ ဘိုတဲအားအင်္ဂလိပ်ခေတ်တွင်အင်္ဂလိပ်အရာရှိများဧည့်ရိပ်သာအဖြစ်လည်းကောင်း၊ ဂျပန်ခေတ်တွင်ဂျပန်တပ်စခန်းအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြန်မာ့တပ်မတော် တပ်စခန်းအဖြစ်လည်းကောင်း၊ ၁၉၈၈ခုနှစ်မတိုင်မီတွင်မြို့နယ်ပြည်သူ့တရားရုံးအဖြစ်လည်းကောင်း၊ လက်ရှိတွင်မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှလုပ်ငန်းသုံးအဆောက်အဦအဖြစ်အသုံးပြုလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

သက်တမ်း ၁၀ဝ ကျော်ရှိပြီဖြစ်သောဘိုတဲအားအကောင်းအဆိုးကြည့်ရှုပြီးပြုပြင်ကုန်ကျစရိတ်နှင့်အကျိုးပြုမည့်အနေအထားများကိုလည်းသုံးသပ်ရန်လိုအပ်ကြောင်း၊ အဆောက်အဦအားထိန်းသိမ်းထားသည့် မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဌာနကိုလည်းမေးမြန်းရန်လိုကြောင်း၊အကောင်းဆုံးအနေအထားကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါ ဘိုတဲကိုဘီလူးကျွန်းဒေသမှသမိုင်းဝင်အဆောက်အဦ အဖြစ်ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း၊ အဆောက်အဦမှာချောင်းဆုံကန်ကြီးနှင့်မဝေးသောကြောင့်ကမ္ဘာလှည့်ခရီးသွားများကန်ကြီးကိုလာရောက်စဉ်လေ့လာနိုင်သည့်အနေအထားကိုစီစဉ်ထားသင့်ကြောင်း၊ ဘီလူးကျွန်းဒေသသို့ လာရောက်သောအရာရှိကြီးများတည်းခိုနားနေဆောင်အဖြစ်အသုံးပြုသင့်ကြောင်းဒေသခံများထံမှ သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply