မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲစခန်းမှူးရဲအုပ် အေးမင်းငြိမ်းကိုနိုဝင်ဘာ ၂၀ ရက်နေ့ကယင်းရဲစခန်းမှ ရဲတပ်သားထက်မြတ်ဝင်းကဓားမြှောင်ဖြင့် ထိုးခဲ့၍ စခန်းမှူး ဒဏ်ရာရရှိခဲ့ကြောင်းကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းကပြောကြားသည်။

logo-copy

“တပ်ဖွဲ့ဝင် အချင်းချင်းဖြစ်တာပါ၊ ဓားနဲ့ထိုးတဲ့ ရဲတပ်သားကိုတော့ ရဲစည်းကမ်းနဲ့ အရေးယူထားပါတယ်၊ လက်ရှိလည်းအချုပ်ထဲမှာထည့်ထားပါတယ်”ဟုရဲမှူးကျော်သန်းကပြောသည်။

ရဲစခန်းမှူးရဲအုပ် အေးမင်းငြိမ်းနှင့် ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များက တာဝန်ထမ်းဆောင်နေစဉ် အဆိုပါနေ့ ည ၁၀ နာရီကျော်ခန့်က ရဲစခန်းဝင်းအတွင်းသို့ လူတစ်ဦးရောက်ရှိလာ၍လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးမှ “ရပ်၊ ဘယ်သူလဲ”ဟုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ
ရဲစခန်းဝင်းအတွင်းရှိ ရော်ဘာခြံထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ရော်ဘာခြံထဲသို့ ထွက်ပြေးသွားသူကိုရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာရော်ဘာခြံအတွင်းပုန်းအောင်းနေသူမှာရဲတပ်သားထက်မြတ်ဝင်းဖြစ်နေပြီးအရက်သေစာသောက်စားထားသဖြင့် အဆိုပါ ရဲတပ်သားကိုနေအိမ်လိုင်းခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထို့နောက် ရဲတပ်သားထက်မြတ်ဝင်းသည် ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာပြီး၎င်းတွင် အသင့်ပါလာသောဓားမြှောင်ဖြင့် ရဲစခန်းမှူး ရဲအုပ်အေးမင်းငြိမ်းကိုထိုးခဲ့သဖြင့် စခန်းမှူး၏ ဘယ်ဘက်ပုခုံးနှင့် ပုခုံးအနီးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဒီနေ့ပဲအဲဒီရဲတပ်သားကိုစုံခုံစစ်ဆေးမှုပြုလုပ်နေပါတယ်”ဟု ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။

ရဲတပ်သားကစခန်းမှူးကိုဓားဖြင့်ထိုးသည့် အမှုနှင့်ပတ်သက်၍ ဟင်္သာမီဒီယာသတင်းထောက်ကမွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်မေးမြန်းခဲ့ရာတပ်ဖွဲ့ဝင်အချင်းချင်းကိစ္စဖြစ်ပြီးရဲစည်းကမ်းလုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေးနေသောကြောင့် ပြောဆိုခွင့်မရှိကြောင်းမှုခင်းဌာနမှ တာဝန်ရှိသူရဲအရာရှိတစ်ဦးကပြန်လည် ဖြေကြားခဲ့သည်။

Written by ခေတ်မင်း

Leave a Reply