Advertisements

ချောင်းဆုံ ၊ ဇွန်

ဇွန် ၁၇ ရက် ညသန်းခေါင်က စံချိန်တင် မြင့်တက်ခဲ့သည့် ရေမှာ ဘီလူးကျွန်းတစ်ကျွန်းလုံးကို ဖုံးလွှမ်းခဲ့ရာ ကျေးရွာအချို့တွင် ချောင်းမြောင်းများကို ယင်းပိတ် ၊ ပိုက်တားပြီး ငါးရှာဖွေသူ တံငါများကြောင့် ရေလွှမ်းမိုးကာလ ၄၈ နာရီကြာသည့်တိုင် ပြန်လည်ကျဆင်းရန် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း ဒေသခံလယ်သမားများက ပြောသည်။

သို့ဖြစ်၍ စိုက်ပျိုးပြီးစ မိုးစပါးလယ်ကွင်းတို့မှာ ရေဘေးသင့်ချိန်တွင် ပိုမို ထိခိုက် နစ်နာဆုံးရှုံးခဲ့ရကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်သမားတို့အကြားဇွန် ၁၉ ရက်က ဝေဖန်မှုများမြင့်တက်ခဲ့သည်။

“တစ်ကျွန်းလုံးမှာရှိတဲ့လယ်အားလုံးမြုပ်ခဲ့တယ်လို့ပြောလို့ရတယ် ။ အားလုံးပေါင်းလိုက်ရင် ဧက ၁၀၀၀ ဝန်းကျင်လောက်တော့ ပျက်စီးမှုတွေရှိနိုင်တယ်”ဟု ကွမ်ရိုက်ကျေးရွာခံ လယ်သမားဦးညီလွင်က ပြောသည်။

ကုန်းမြေအနိမ့်ပိုင်း ရေနက်တန်းရှိ စိုက်ခင်း၊ ပျိုးခင်းများအဖို့ ယင်းသို့ ရေလွယ်လင့်တကူ ကျဆင်းနိုင်ခြင်းမရှိသည့်အတွက် နယ်မြေခံလယ်ပိုင်ရှင်တို့ ညည်းညူပြောဆိုခဲ့ကြသည်။

“ရေတိမ်ပိုင်းတွေက တစ်ရက်၊နှစ်ရက်အတွင်းမှာရေကျသွားတော့ စပါးပင်တွေရေနာတာ(နစ်တာ) နည်းတယ် ။ ရေနက်ပိုင်းကရေလွယ်လွယ်နဲ့မလျော့နိုင်သေးဘူးဖြစ်နေတယ် ”ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းမှ လယ်သမားဦးကြည်ရှိန်က ယင်းနေ့တွင် ပြောသည်။

ကညှော် ၊ ဒေါင်းရပ်အရှေ့ ၊ ဒေါင်းရပ်အနောက်၊ ဘိုးနက် ကျေးရွာပိုင်လယ်ကွင်းများတွင်လည်း ချောင်းမြောင်းများကို အလားတူပိတ်၍ ငါးရှာဖွေသူများ ရှိနေကြောင်း ဒေသခံ လယ်သမား ဦးနိုင်က ဆိုသည်။

ရေဖုံးလွှမ်းခံရချိန် ကြာမြင့်လာသည်နှင့်အမျှ စပါးခင်းများမှာ ဆုံးရှုံးနစ်နာမှု ပိုမို များပြားလာမည်ဖြစ်ရာ ယခုလို ရေကြီးရေတက်ချိန်မျိုးတွင် ချောင်း၊ မြောင်းများကို ရေစီးရေလာ တစ်ဆို့စေသည့် တံငါလုပ်ငန်းအား ဖယ်ရှားရှင်းလင်းပေးရန် လိုလားကြောင်း ပြောဆိုကြသည်။

“ဟင်္သာကျွန်းဖက်ကလယ်တွေမှာ ရေကြီးနစ်မြုပ်တာနဲ့အတူ စပါးဖျက်ခရုဖျက်ဆီးတာတွေလည်းရှိလာတဲ့ အတွက်လယ်သမားတွေ ညည်းညူပြောဆိုသံ တွေကြားနေရတယ် ။အနိမ့်ပိုင်းကျတဲ့လယ်တွေမှာအနည်းနဲ့အများ ပျက်စီးမှုတွေ ရှိတယ်။ ပျက်စီးမှုဧကကိုတော့ ခန့်မှန်းမရနိုင်သေးဘူး”ဟု မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေက ဇွန် ၁၉ တွင် ပြောသည်။

လယ်သမားများစိုက်ပျိုးချိန်ဖြစ်၍ ချောင်းမြောင်းများတွင်ယင်းပိတ်ခြင်း ၊ ပိုက်တားခြင်းများရှိပါကဖယ်ရှားပေးရန်မြို့နယ်ဆည်မြောင်းဦးစီးဌာနအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply