Advertisements

သံဖြူဇရပ်မြို့တွင် ဇွန် ၉ ရက်က အသက် ၉ နှစ်အရွယ် မူလတန်း ကျောင်းသားလေး တစ်ဦး သေဆုံးခဲ့သည်။
ကလေးငယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးရုံသို့အချိန်မီ ရောက်မလာခဲ့ခြင်းကြောင့်ဟုဆို၏။

“ဒီကလေးမှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာ မိဘတွေကို မေးတယ်။ မသိတာလားဆိုတော့ သိတယ်တဲ့ အလုပ်မအားတာနဲ့ ဆေးခန်းကလည်း ညနေမှဖွင့်မှာမို့ စောင့်နေတာတဲ့”ဟု မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က သေဆုံးသူ ကလေးငယ်၏ မိဘများနှင့် မေးမြန်းခဲ့သည့် အကြောင်းအရာကို ပြန်ပြောပြနေခြင်းပင်။

ကလေးငယ်ကိုရပ်ကွက်ရှိ ဆရာမ တစ်ဦးထံပြသနေရာမှ နှာခေါင်းသွေးယိုလာ၍ သံဖြူဇရပ်မြို့နယ် ဆေးရုံ၊ ထိုမှတစ်ဆင့် မော်လမြိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီမှ ဇွန် ၉ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၅၀ကျော်အထိ ဖြစ်နေသည့်အနက် ၎င်းသည် ပထမဆုံးအသက်ဆုံးရှုံးရသူဖြစ်၏။

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ပြီးခဲ့သည့် ၂၀၁၆၊ ၂၀၁၇ နှစ်နှစ်စလုံးတွင် သေဆုံးမှု မရှိသော်လည်း ကပ်ရောဂါ အသွင်မဖြစ်နိုင်ဟု ခန့်မှန်းထားသည့် ၂၀၁၈တွင်မူ ကလေးငယ်တစ်ဦး စ၍ သေဆုံးခဲ့ရပါပြီ။

သွေးလွန်တုပ်ကွေးရောဂါသည် မွန်ပြည်နယ်တွင် ၂၀၁၅ ၌ ကပ်ရောဂါအသွင်ဖြစ် ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပွားသူ  ၁၁၂၆ ဦးတွင် သုံးဦး သေဆုံးခဲ့ရပြီးနောက် ယခုသည် ပထမဆုံးအကြိမ် အသက်ဆုံးရှုံးမှုစတင်ခြင်းဖြစ်၏။

သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်၊ ရေသန့်တွင် ပေါက်ဖွားသော ခြင်ကြားကိုက်ရာမှ ဖြစ်ပွားသည့် ရောဂါဖြစ်သည်။

ရောဂါဖြစ်ပါက ပထမရက်တွင် စဖျားမည်၊ သုံးရက်မြောက်နေ့တွင် ဖြစ်ပွားသည့်သူမှာ သတိလစ်ခြင်း၊ မှိန်းနေတတ်ခြင်း၊ ကော်ဖီရောင်များ အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ နှာခေါင်း၊ ပါးစပ်များမှ သွေးယိုခြင်းများ ဖြစ်ပွားတတ်သည်။

ထိုအခြေအနေ ရောက်ပါက အမြန်ဆုံး ဆေးရုံတင်ဖို့လိုပြီး နောက်ကျပါက အသက် သေဆုံးနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နိုင်သည်ဟု ကျန်းမာရေးဌာနကသတိပေးထား သည်။

အဆိုပါ ရောဂါသည် အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်ပြီး အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးများတွင် ပို၍ အဖြစ်များသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် မြို့နယ်တိုင်းတွင် စီမံချက်ဖြင့် အဘိတ်ဆေးပြားများကို ရပ်ကွက်၊ ကျေးရွာတိုင်း၌ ခတ်ပေးရန်ညွှန်ကြားထားသည်ဟု ဒေါက်တာ စည်သူရဲနောင်က ပြောဆိုသည်။

ယခုနှစ်၌ မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ပြင်ဆင်မှုအတွက် အဘိတ်ဆေးပြား ၁၇၀၀၀ ကျော် ခတ်ပေးရန် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက စီစဉ်ထားသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးစိန်တီက ယခုလို မှတ်ချက်ပြု၏။

“တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ သူမပူးပေါင်းလို့၊ ငါမပူးပေါင်းလို့ မဟုတ်ဘူး။ ပူးပေါင်းလာအောင် ဘယ်လိုလုပ်မလဲ။ အတူတူပူးပေါင်းပြီး လုပ်ဆောင်နိုင်မှ ကာကွယ်နိုင်မှာပါ”ဟု ဆိုသည်။

မော်လမြိုင်မြို့နယ် သီရိမင်္ဂလာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်ကမူ ထိုသို့မြင်၏။
“ကျွန်တော်တို့အဖွဲ့တွေနဲ့ ကျန်းမာရေးအဖွဲ့တွေ အိမ်တိုင်းကို ဝင်စစ်ဆေးတယ်။ သွန်သင့်တာ သွန်တယ်။
လိုအပ်တာတွေလုပ်ဖို့တိုက်တွန်းတယ်။ ဘယ်လိုနေထိုင်သင့်လဲ အကြံပေးတယ်။ တချို့တွေက လက်ခံကြတယ်။ တချို့ ဘာမှမရှိဘူးတဲ့၊ စစ်စရာမလိုဘူးပြောတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ဖုံး၊ သွန်၊ လဲ ၊ စစ် ကို စီမံချက်အဖြစ်ဆောင်ရွက်လျက်ရှိပြီး အဘိတ်ဆေးခတ်ကာကွယ်မှုများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နေသည်ဟု ကျန်း
မာရေးဌာနကပြောသည်။

ခြင်ဆေးဖျန်းခြင်းနှင့် ပတ်သက်ပြီး လူမူကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက အခုလို ပြောဆိုသည်။
“တကယ်တော့ ခြင်ဆေးဖျန်းလို့ သွေးလွန်တုပ်ကွေးကိုကာကွယ်နိုင်တာမဟုတ်ဘူး။ ရပ်ကွက်နေ ပြည်သူတွေက ကိုယ့်အိမ်မှာရှိတဲ့ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပေးရမယ်”ဟူ၍ဖြစ်ပါသည်။

ကျန်းမာရေးဌာနအနေဖြင့် ရပ်ကွက်၊ ကျေးရွာတိုင်းတွင် အသိပညာဟောပြောပွဲများ လုပ်ဆောင်နေသော်လည်း ပြည်သူများမှ လိုက်နာမှု မရှိကြောင်း ကမာဝက်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်ပိုးဇာဖြုုအောင်က ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ သွေးလွန်တုပ်ကွေးရောဂါကို ဖုံး၊ သွန်၊ လဲ၊ စစ်၊ လောင်း၊ ထောင်၊ ခပ်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် ဟူသော ဆောင်ပုဒ်အတိုင်းလိုက်နာရန် လိုအပ်နေသည်ဟူသောသဘောပင်။

ဒေါက်တာ စည်သူရဲနောင်က“အခုက တစ်အိမ်မကျန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ”ဟူ၍ မှတ်ချက်ပြုပါသည်။

Written by ထိုက်ထိုက်၊ ဂေထော

Leave a Reply