မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ ။ ။ ပြာသိုလဆုတ် ၈ ရက် (ဖေဖော်ဝါရီ ၁ ရက်) တွင် ကျရောက်သော မွန်အမျိုးသားသွေးလှူဒါန်းနေ့၌ ရာမည လောဟိတအဖွဲ့မှ ဦးဆောင်၍ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း ရာမည လောဟိတအဖွဲ့မှ အရှင်ဝဏ္ဏက မိန့်သည်။
သွေးလှူဒါန်းသူများထဲတွင် ရဟန်းသံဃာ ၁၂ ပါးနှင့် မွန်လူငယ် ၂ဝ ဦး သွေးအလှူရှင် စုစုပေါင်း ၃၂ ဦးတို့ ပါ၀င်သည်ဟု သိရသည်။
“မွန်လူမျိုးတွေကလည်း လူတွေကို အကူအညီထောက်ပံ့ဖြစ်ဖို့၊ လူနာတွေကိုလည်း လူမျိုး ဘာသာမရွေး သွေးလိုအပ်ပါက လွယ်ကူစွာ သွေးရရှိနိုင်ဖို့ဆိုပြီး ရာမညလောဟိတအမည်နဲ့ သွေးလှူဒါန်းတဲ့အဖွဲ့တစ်ခု ဖွဲ့စည်းထားခြင်းဖြစ်တယ်”ဟု သွေးလှူဒါန်းအဖွဲ့တည်ထောင်သူ မွန်အရှင််ဥက္ကံသက မိန့်သည်။
“သွေးလိုတဲ့ လူနာတွေကို ဒီကပဲထုတ်ပေးရတယ်၊ ပြီးရင် လူနာတွေက အစားပြန်ရှာပေးရမယ်၊ ကျွန်တော်တို့က အဲဒီသွေးကို ပြန်အစားထိုးပေးရတယ်၊ စေတနာကြောင့် သွေးလာလှူတဲ့အတွက် လူနာတွေ အခက်ခဲမဖြစ်ဘူး ပေါ့၊ ကျွန်တော်တို့ကနေပြီးတော့ ထုတ်ပေးနိုင်တယ်”ဟု ဓါတ်ခွဲခန်းနှင့် သွေးလှူဘဏ် တာဝန်ခံ ဒေါက်တာ သန်းထိုက်က ပြောသည်။
မွန်အမျိုးသားသွေးလှူဒါန်းနေ့ကို၂ဝ၁၁ ခုနှစ်မှစတင်ခဲ့ပြီး၊ ယခုနှစ် (ခြောက်ကြိမ်မြောက်အထိ) မော်လမြိိုင်ပြည်သူ့ဆေးရုံကြီးသို့ သွေးလှူဒါန်းခဲ့ရာမှာ စုစုပေါင်း ပုလင်း ၃ဝဝ ဝန်းကျင်ခန့် ရှိခဲ့သည်ဟု အရှင်ဝဏ္ဏက မိန့်သည်။