မော်လမြိုင်၊ မေ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်မျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တာဝန်ယူဆောင်ရွက်နေသော မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မရှိဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများ ဥပဒေများကို မဆန့်ကျင်စေဘဲ ဆောင်ရွက်ရမည်ပြီး ၎င်းတို့က အထက်ပါဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အစိုးရဖွဲ့ရုံးများထံသို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေငြာပေးပို့ ထားသည်။

အဆိုပါ နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ကြေငြာပေးထားမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်မျိုး ရှိမရှိ ဟင်္သာမီဒီယာက သွားရောက်မေးမြန်းခြင်းအပေါ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက
“ မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်နေတာပဲ” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အတွင်းရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၁) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်”ဟု လည်းကောင်း၊ ပုဒ်မခွဲငယ် (၂) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်”ဟု ပြဌာန်းထားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၀ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်”ဟု လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၉ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်”ဟု ပြဌာန်းထားသည်။

ထို့ကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတအား အဆင့်ဆင့် တာဝန်ခံကြရသဖြင့် မိမိ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတာဝန်ခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံ အသိပေးတင်ပြပြီး သဘောတူညီချက် အတည်ပြုချက်ရယူ၍ ဆောင်ရွက်ရမည်။

အစိုးရအဖွဲ့တွေရဲ့ ရင်းနှီးမြှပ်နှံမှုပဲဖြစ်ဖြစ် ပြည်နယ်အစိုးရအစီအစဉ်နဲ့ လုပ်ဆောင်မယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်ရင်တော့ ဟိုတုန်းက ပြည်ခိုင်ဖြိုးပါတီအစိုးရတာဝန်ယူစဉ်လက်ထက်တုန်းက ပြည်ထောင်စုအစိုးရ၊ လွှတ်တော် ဒါတွေကို တင်ပြပြီးမှ အားလုံးအတည်ပြုချက်ယူပြီးမှ ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်တယ်။ အခုဒီအစိုးရလက်ထက်မှာ ဆောင်ရွက်နေတာ အားနည်းနေတယ်လို့မြင်တယ် ” ဟု မှတ်ချက်ပြုသည်။

Written by ခေတ်မင်း (ပျားအုံ)

Leave a Reply