Advertisements

မော်လမြိုင် နိုဝင်ဘာ

မော်လမြိုင်မြို့တွင် ခွင့်ပြုချက်မဲ့ အလှူခံများနှင့် စည်းကမ်းမဲ့ ရဟန်းသံဃာများကို အရေးယူမှုများ လုပ်ဆောင်တော့မည်ဟု မော်လမြိုင်မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးဉာဏုတ္တရကမိန့်ကြားသည်။

“အလှူခံတချို့လည်း သက်ဆိုင်ရာထောက်ခံချက် မယူဘဲနဲ့ အလှူခံတာရှိတယ်။ သံဃာတွေလည်း တချို့စည်းကမ်းမဲ့တာတွေရှိတယ်။ အဲဒါတွေကို အဓိကထားတာ” ဟု ၎င်းက မိန့်ဆိုသည်။

အရေးယူမှု လုပ်ငန်းစဉ်အတွက် လာမည့် နိုဝင်ဘာ နောက်ဆုံးအပတ်တွင် ပြည်နယ်သံဃနာယကမှ အစည်းအဝေးခေါ်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖွဲ့ရန် စီစဉ်ထားကာ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်အောင် ဖွဲ့စည်းမည်ဟု ၎င်းက ထပ်မံမိန့်ဆိုသည်။

ယင်းအပြင် အရေးယူမှု လုပ်ငန်းစဉ် အသေးစိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပြီးပါက ပြန်လည် ဆွေးနွေး ညှိနှိုင်းသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

ယခုအခါ ကျိုက္ခမီကျောင်းတိုက် သံဃနာယကဆရာတော် ဥူးသုမန၊ မြစေတီစာသင်တိုက်ဆရာတော်ဥူးနရိန္ဒ၊ မြေနီကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့် ရထားရဲများပူးပေါင်း၍ မော်လမြိုင်ဘူတာတွင် လှည့်ကင်းလှည့်ခြင်းများ မကြာခဏဆောင်ရွက်နေသည်ဟု အမှတ် ၁၅ ရထားတပ်ခွဲ၊ မော်လမြိုင်တပ်ခွဲမှူး ဒုရဲမှူးကျော်ဇေယျကပြောသည်။

“ဘူတာမှာက လူပိုစုံတယ်။ သာသနာ့အရေခြုံပြီးတော့ ကိုယ်ရေးကိုယ်တာ လုပ်စားတာတွေရှိရင် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ဖို့ မကြာမကြာ ပူးပေါင်းလေ့ရှိပါတယ်” ဟု ၎င်းကဆက်ပြောသည်။

အလှူခံခြင်း၊ အရက်သေစာသောက်စားခြင်း၊ ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူသော သာသနာ့အရေခြုံများကို အရေးယူရာတွင် ဆရာတော်များက လူဝတ်လဲစေပြီးမှ ရဲဘက်ကဖမ်းဆီးခွင့်ရှိသောကြောင့် ဆရာတော်များနှင့် ပူးပေါင်းခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း မော်လမြိုင်ဘူတာတွင် သံဃာမှတ်ပုံတင်မရှိသော ရဟန်းတစ်ပါးအား သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ က ဖြင့် တရားစွဲတင်ခဲ့ရာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်ဟု ၎င်းကပြောသည်။

စန္ဒာဉာဏ်

Leave a Reply