ချောင်းဆုံ မတ်

ချောင်းဆုံမြို့နယ်တွင် CS(2) A လုပ်ငန်းလိုင်စင်၊ FL -12 လိုင်စင် ကိုင်ဆောင်ထားသူများနှင့် စားသောက်ဆိုင်အချို့က နိုင်ငံခြားအရက်မျိုးစုံနှင့်ဘီယာအမျိုးမျိုးတို့ကိုရောင်းချနေခြင်းကြောင့်FL -17 လိုင်စင်ရယူလုပ်ကိုင်နေသောစည်ဘီယာဆိုင်များလုပ်ငန်းတွက်ခြေမကိုက်ဖြစ်နေကြောင်း ရွှေကျွန်းစည်ဘီယာဆိုင်က ဦးခင်မောင်ဦးကပြောသည်။

“ကျွန်တော်တို့ဘီယာဆိုင်တွေအနေနဲ့နှစ်စဉ်အခွန် ကျပ် ၁၅ သိန်းဝန်းကျင်ပေးနေရတယ် ။ တရားမဝင်လိုင်စင်တွေနဲ့ရောင်းချနေတာတွေကိုလည်းစည်းစနစ်တကျလုပ်ကိုင်ဆောင်ရွက်စေချင်တယ် ။တရားမဝင်လုပ် ကိုင်နေတာတွေကိုလည်း ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေကိုတင်ပြချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြကလည်း စည်ဘီယာဆိုင်လုပ်ငန်းရှင်များက တိုင်ကြားစာပေးပို့ထားကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးလွှတ်တော်မှာလည်း ဆွေးနွေးကြတာရှိတယ် ။ သတ်မှတ်လိုင်စင်နဲ့မညီဘဲရောင်းဝယ် နေတာကတော့မဖြစ်သင့်ပါဘူး။ တရားဝင်လိုင်စင်အခွန်အခအများကြီးပေးဆောင်နေရတဲ့လူတွေအတွက်နစ်နာမှုတွေဖြစ်လာနိုင်တယ် ။ ဥပဒေနဲ့အညီ ၊ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီရောင်းဝယ်ကြဖို့ တိုက်တွန်းချင်တယ် ၊ တာဝန်ရှိတဲ့လူတွေကိုလည်းအသိပေးဆောင်ရွက်သွားမယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ချောင်းဆုံမြို့နယ်တွင် CS(2) လုပ်ငန်းလိုင်စင်ဖြင့်လုပ်ကိုင်နေသူများကို သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းဝယ်ကြရန် အသိပေးထားပြီး ဥပဒေနှင့်မညီညွတ်ဘဲရောင်းဝယ်နေခြင်းမျိုးကိုတွေ့မြင်သိရှိပါက အဖွဲ့ ပေါင်းစုံဖြင့်ဖမ်း ဆီးအရေးယူနေကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“သတ်မှတ်စည်းကမ်းချက်နဲ့မညီဘဲရောင်းဝယ်နေတာကိုလည်း အဖွဲ့ပေါင်းစုံနဲ့ ဖမ်းဆီးပြီးအမှုဖွင့်အရေးယူ ခဲ့တာတွေလည်း ရှိတယ် ။ အချို့ကရောင်းဝယ်နေတယ်လို့တိုင်ကြားပေမယ့် သွားရောက်ဖမ်းဆီးတဲ့အခါပစ္စည်း တွေကမရှိတဲ့အတွက်ဖမ်းဆီးအရေးယူဖို့ကမရပြန်ဘူးဖြစ်နေတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply