ခွန်တန့်အမှုရုပ်သိမ်းပေးရန်တောင်းဆိုသူအချို့ အမှုဖွင့်ခံရ

ဓာတ်ပုံ- ပါရမီ ၁၀ပါးအဖွဲ့

သထုံ၊ မေ ၁၆

ခွန်တန်နှင့် အလံတရား ဘုရားဂေါပကများအား တရားစွဲဆိုထားသည့် အမှုကို ရုတ်သိမ်းပေးရန် ဦးဆောင်၍ သတင်းစာရှင်းပွဲပြုလုပ်ခဲ့သူများကို ပဲခူးတိုင်းရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအို့စ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဟင်္သာမီဒီယာသို့ ပြောသည်။

“သူတို့အဖွဲ့တွေ ရန်ကုန်တက်ပြီးတော့ သတင်းစာရှင်းပွဲလုပ်မယ်ကြားလို့ ကျွန်မတို့အစိုးရအဖွဲ့(မွန်ပြည်နယ်)က ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ကို လှမ်းအကြောင်းခဲ့တယ်။ ပြည်နယ်သာသနာရေးမှူး ချက်ချင်းဆင်းလာပြီး တားလိုက်တော့ ပဲခူးမှာ သွားလုပ်မယ်လို့ပြောတယ်။ ပြောတော့ ချက်ချင်းပဲ ပဲခူးတိုင်းရဲတပ်ဖွဲ့နဲ့ သာသနာရေးမှူး လိုက်ရှာတယ်။ တွေ့တော့ ချက်ချင်းပဲ အမှုဖွင့်တယ်” ဟု ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

သတင်းစာရှင်းလင်းပွဲအား မေ ၁၃ရက်တွင် ပဲခူးမြို့ သီရိမင်္ဂလာ တပ်ဦးဝင်္ကပါ ဘုရားကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပအို့ဝ်တိုင်းရင်းသား/သူ ဦးရေ ၆၀၀ ခန့်တက်ရောက်သည်ဟု အလံတရာအခြေစိုက် အသင်း အဖွဲ့တစ်ခုဖြစ်သည့် ပါရမီ ၁၀ပါးအဖွဲ့ဝင်အချို့က ဆိုသည်။

ဒေါ်စံဝင့်ခိုင်၏ ပြောကြားချက်အရ သတင်းစာရှင်းလင်းပွဲတွင်ပါဝင်သည့် ဦးဆောင်သူအချို့ကို ပဲခူးတိုင်းရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ဖြင့် အမှုဖွင့်ထားသည်ဟု သိရသော်လည်း ပါရမီ ၁၀ပါးအဖွဲ့မှ အချို့ထံ မေ ၁၆ ညနေ ၅နာရီခန့်က ဟင်္သာက ဆက်သွယ်ရာတွင်မူ သက်ဆိုင်ရာက တစ်စုံ တစ်ရာအကြောင်းကြားမှုမရှိသေးဟုပြောသည်။

“သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြောကြားတဲ့အတွက် ဘယ်သူကမှ တားဆီးလို့မရဘူး” ယင်းအဖွဲ့မှ ဒေါ်နန်းသီတာကဆိုသည်။

အလံတရာဒေသ၌ ပန်းဦးလွှတ်နေသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်း၌ ခွန်တန်နှင့် အဖွဲ့ဝင်အချို့ကို သာသနာညှိုးနွမ်းအောင်လုပ်ဆောင်မှုဖြင့် မွန်ပြည်နယ်သာသနာရေးဦးစီးဌာနက သထုံမြို့နယ် တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ သို့သော် ၎င်းမှာ ယနေ့တိုင်တိမ်းရှောင်နေဆဲဖြစ်သည်။

Written by ခေတ်မင်း

ဓာတ်ပုံ- ပါရမီ ၁၀ပါးအဖွဲ့

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.