Advertisements

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေမှာ ခွန်တန်(ခ)ဇာတ်လိုက်ဟာ ဒေသခံ တိုင်းရင်းသူတွေအပေါ် ပန်းဦးလွှတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံတဲ့ ဒေသခံများရဲ့ လူထုစုဝေးပွဲတစ်ရပ်ကို အခု မေလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၆)ရပ်ကွက်မှာရှိတဲ့ သီရိမင်္ဂလာဝင်္ကပါတပ်ဦးကျောင်းမှာ ကျင်းပခဲ့ပါတယ်။

အလံတစ်ရာ မဟာသောဋ္ဌာရ စေတီတော်ကို ပြုပြင်မွမ်းမံရာက မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြင်းခံနေရတဲ့ နိဗ္ဗာန်ဆော်တွေကို ပြန်လွှတ်ပေးဖို့၊ ဝရမ်းပြေးလို့ သမုတ်ခံနေရပြီး လတ်တလောမှာ တိမ်းရှောင်နေတဲ့ ခွန်တန် (ခ) ဇာတ်လိုက်ကို အမှုမှ ကင်းလွတ်ခွင့်ရစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဒေသခံ ပအိုဝ်းတိုင်းရင်းသူ နန်းသဇင်သူက ဟင်္သာကို ပြောပါတယ်။

ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အလံတစ်ရာနယ်မြေသူ နန်းမိုးမိုးဝင်းက ဖြည့်စွက်ပြောဆိုခဲ့တာကတော့ ပန်းဦးလွှတ်ခံရပါတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာထက်မှာပါမကျန် ပျံ့နှံ့ခဲ့တဲ့အတွက် ပအိုဝ်းတိုင်းရင်းသားထုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အသရေညှိုးနွမ်းစေခဲ့တယ်၊ ဒါကို ပြည်သူတစ်ရပ်လုံးက အရှိအတိုင်း၊ အမှန်အတိုင်း သိနိုင်အောင်လည်း ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

အလံတစ်ရာနယ်မြေမှာပဲ အဲဒီ လူထုစုဝေးပွဲကို မေလ ၁၂ ရက်က ကျင်းပနိုင်ဖို့ မူလက ကြိုးစားခဲ့ပေမယ့် သက်ဆိုင်ရာခွင့်ပြုချက် မရခဲ့တာကြောင့် လှည်းကူးမြို့နယ်က နိဂြောဓာရုံကျောင်းတိုက်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့နောက်တော့ ပဲခူးက သီရိမင်္ဂလာဝင်္ကပါတပ်ဦးကျောင်းမှာ ကျင်းပဖို့ အတည်ပြုနိုင်ခဲ့တယ်လို့ နန်းသဇင်သူက ပြောပြပါတယ်။

ပွဲကို တက်ရောက်ဖို့ အလံတစ်ရာဒေသခံ ၄၀၀ ကျော်ဟာ ပွဲမကျင်းပမီ ၁ ရက်အလိုမှာ သွားရောက်ခဲ့ပြီး ကျင်းပမယ့်နေ့ရက်မှာတော့ နောက်ထပ် နယ်မြေခံ ၂၀၀ ကျော် ထပ်မံရောက်ရှိလာခဲ့ကြောင်း သူမက ဆိုပါတယ်။ အဲဒီလူအင်အားအရေအတွက်ထဲမှာ ရဟန်းသံဃာတော်ဦးရေကို ထည့်သွင်းရေတွက်ထားခြင်း မရှိသေးလို့ ပေါင်းလိုက်ရင်တော့ ဒီပမာဏကို ကျော်လွန်မှာ ဖြစ်တယ်ဆိုတာ သူမက ဖြည့်စွက်ပြောပြပါတယ်။

အလံတစ်ရာနယ်မြေသူ နန်းသီတာက တရားစွဲဆို ဖမ်းဆီးခံ ၅ ဦးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ သေသေချာချာ စစ်ဆေးပြီး အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်လို့ တိတိကျကျ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။ သူမရဲ့ မိသားစုဝင်ပါ တရားစွဲဆိုခံရသူထဲ ပါဝင်ခဲ့တဲ့ နန်းသီတာက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီ အလံတစ်ရာနယ်မြေကို အရောက် သေချာ ကွင်းဆင်း မေးမြန်းပြီး ဆောင်ရွက်တာတွေ မရှိသေးဘူးလို့ ဝေဖန်ထောက်ပြလိုကြောင်း ဟင်္သာကို ပြောပါတယ်။

အသက် ၂၃ နှစ်လောက်သာ ရှိသေးတဲ့ ခွန်တန်(ခ) ဇာတ်လိုက်ဟာ အလံတစ်ရာ ဆရာတော်ဝင်စားတယ်လို့ ဒေသခံတချို့အနေနဲ့ ယုံကြည်နေကြရုံမျှသာ မကပါဘူး၊ အလံတစ်ရာ မဟာသောဋ္ဌာရ စေတီတော်ကို ပြုပြင်မွမ်းမံမယ်ဆိုရင်လည်း ခွန်တန်မပါဘဲ မပြီးစီး အထမမြောက်ဘူးလို့ ယုံကြည်သက်ဝင်နေကြသူတို့ရှိ ပါတယ်။

တကယ်လို့ အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ်က ပြုပြင်မွမ်းမံမယ်ဆိုရင်ရော ဘယ်လို သဘောထားရှိသလဲမေးမြန်းကြည့်တဲ့အခါ ခွန်တန် မပါရင်တော့ ဘယ်လိုနည်းနဲ့မျှ ပြုပြင်ရန် လက်ခံဖို့ မဖြစ်နိုင်ပါဘူးလို့ ဒေသခံအချို့ကဆိုတယ်။

ပြီးခဲ့တဲ့ဖြစ်စဉ်

ပြီးခဲ့တဲ့ ၂၀၁၇ နှောင်းပိုင်းကာလတွေမှာ ခွန်တန်ရဲ့လက်ချည်ပွဲ သို့မဟုတ် ပန်းဦးလွှတ်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေဟာ ဒေသခံနှင့် ပြည်သူများအကြားမှာ ပွက်လောရိုက်ခဲ့ပြီး ဝေဖန်မှုများလည်း မြင့်တက်ခဲ့ပါတယ်။

မွန်ပြည်နယ် လွှတ်တော်ကိုလည်း တိုင်ကြားစာ နှစ် စောင် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားစာမှာ ဖော်ပြထားတာကတော့ ဘာသာရေးကို အခြေခံပြီး ရိုးသားသော ပအိုဝ်းတိုင်းရင်းသူမိန်းကလေး များအား ဖျက်ဆီးနေမှုအပေါ် ဖော်ထုတ်အရေးယူပေးရန်၊ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုအား ငွေကြေးဖြင့် ညှိနှိုင်းဖြေရှင်းပေးမှုများကို အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က အဲဒီကာလက ပြောခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အလံတစ်ရာကနေ ရှမ်းပြည်နယ် ဟိုပုန်းသို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ခွန်တန်ကို ဖမ်းဆီးဖို့အတွက် ရှမ်းပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၂၀၁၇ အောက်တိုဘာလထဲမှာပြောဆိုထားခဲ့ဖူးပါတယ်။

အလံတစ်ရာ စေတီကို ခွင့်ပြုချက် မရှိဘဲ ပြုပြင်ခဲ့တဲ့အတွက်ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွန်တန်နဲ့ အဖွဲ့ဝင် ငါး ဦးကို သာသနာညှိုးနွမ်းစေမှု ၂၅၉ (က) အရ ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့တာပါ။ ခွန်တန်မှာ လွတ်မြောက်ပြီး ကျန်အဖွဲ့ဝင် ငါး ဦးကို သထုံ အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဲဒီကာလအတောအတွင်းထဲမှာ အလံတစ်ရာ ကိစ္စ လိုက်လံ ဆောင်ရွက်တဲ့ ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့တို့ကို လူမှုကွန်ရက်ကတစ်ဆင့်လည်း ခြိမ်းခြောက် ခံခဲ့ရကြောင်း သိရပါတယ်။

ပန်းဦးလွှတ်သူ ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူပေးရန်ဆိုပြီး ၂၀၁၇ အောက်တိုဘာ ၂၄ ရက်မှာ ကာယကံရှင် မိန်းကလေး၏ဖခင် ဦးဝင်းညွန့်က သထုံမြို့မရဲစခန်းကို လာရောက်အမှုဖွင့် တိုင်ကြားတယ်၊ နောက် ခွန်တန်နဲ့ အပေါင်းပါများကို ရာဇသတ်ကြီး ပုဒ်မများဖြစ်သည့် ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ ၊ လူခိုးမှု ပုဒ်မ ၃၆၃၊ အတင်းအဓမ္မထိမ်းမြှား ပေးစားခြင်း ပုဒ်မ ၃၆၆ တို့နဲ့ သထုံမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

၂၀၁၇ အောက်တိုဘာလထဲမှာ သထုံမြို့မရဲစခန်း၊ ဒုရဲမှူး မောင်မောင်က “ဒီကိစ္စကို စစ်ဆေးဆောင်ရွက်ပြီးမှ ဥပဒေနဲ့အညီ တရားစွဲတင်ဖို့ လုပ်မယ်”ဆိုတာ ပြောခဲ့ပါတယ်။

လက်ရှိအချိန်ထိ ခွန်တန်ကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရတယ်လို့ ယဉ်ကျေးမှုနှင့် သာသနာရေး ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ပြောကြားထားပါတယ်။

ခွန်တန် ဘယ်မှာလဲ

ခွန်တန်ကို ဖမ်းဆီးရမိမှု မရှိခြင်းအတွက် အတားအဆီးက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က “သူတို့ဘက်ပါတဲ့ ရွာသားတွေက ကာကွယ်ချင်နေတယ်ဆိုတော့ ရတဲ့နည်းလမ်းနဲ့ ကာကွယ်နေတာပေါ့။ ငွေပေးလ့ိုရတဲ့ လူတွေကို ငွေပေးပြီး ကာကွယ်တယ်။ အကြောက်တရားရှိတဲ့ လူတွေကို ကြောက်အောင် ခြောက်ပြီးတော့ ကာကွယ်တယ်” လို့ ဟင်္သာကို ပြောပါတယ်။

ခွန်တန်ကို ဖမ်းဆီးအရေးယူမှု မပြုလုပ်နိုင်တဲ့ အပေါ်မှာ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ ထောက်ပြပြောဆိုလာမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲလို့ ဟင်္သာက မေးမြန်းတဲ့အခါမှာ ဝန်ကြီးက“ဒါကတော့ အများပြည်သူကတော့ တရားဥပဒေစိုးမိုးမှုမရှိဘူးလို့တော့ စွပ်စွဲလာကြမှာပဲ။ ဒီကိစ္စက အင်မတန် သိမ်မွေ့တယ်။ လူမျိုးရေးလည်း ပါလာတယ်ဆိုတော့ သာသနာရေးလည်းပါတယ်။ အဲဒီကိစ္စတွေဖြစ်နေလို့ အုပ်ချုပ်ရေးပိုင်းကလည်း ချင့်ချင့်ချိန်ချိန်လုပ်ဆောင်နေရတယ်။ အဲဒါတွေကြောင့်ပါ။ အဲဒါတွေကို ကျွန်မတို့က ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲနဲ့ ပြည်ထောင်စုနဲ့ပါ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီလိုမျိုး နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။ ခွန်တန်ကိစ္စနဲ့ စပ်လျဉ်းပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ရလာပြီဆိုရင် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားမှာပါလို့လည်း ဝန်ကြီးက ဟင်္သာကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။

သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကတော့ “ဒီကိစ္စက ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲလိုတာလေ။ ဥပဒေအတိုင်းဆောင်ရွက်ရင် ဥပဒေအတိုင်းဖြစ်မှာ၊ ကျွန်မတို့ကတော့ ဥပဒေလမ်းကြောင်းပေါ်တင်ပေးခဲ့တာလေ၊ ဒီထက်ပိုပြီးတော့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ တကယ့်ဆောင်ရွက်ရမှာကတော့ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေပဲဖြစ်တယ်။ အဲဒီတော့အစိုးရအဖွဲ့ကပဲဆောင်ရွက်သွားမှာဖြစ်တယ်”လို့ ဟင်္သာကို မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ခွန်တန်ကို ယနေ့တိုင်မတွေ့ရှိသေးခြင်းဟာ တရားဥပဒေစိုးမိုးမှုအပေါ် လက်ညှိုးထိုးထောက်ပြစရာဖြစ်နေပြီလားဆိုတာကိုတော့ “ခွန်တန် (ခေါ်) ဇာတ်လိုက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးသွားမယ်ဆိုတဲ့အပေါ်မှာ ယနေ့အချိန်ထိဖမ်းဆီးရမိမှုမရှိသေးဘူးဆိုတော့ ပြည်သူတွေက လက်ညိုးထိုးထောက်ပြနေမှာပဲလေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့လွှတ်တော်ကလည်း လုပ်ကိုင်ဆောင်ရွက်စရာရှိတာ အများကြီးပဲ၊ ထောက်ပြစရာရှိတာထောက်ပြပါလိမ့်မယ်” လို့ ဟင်္သာကို ဖြေကြားခဲ့ပါတယ်။

လတ်တလောမှာ ပြုပြင်မှုရပ်ဆိုင်းထားတဲ့ အလံတစ်ရာ မဟာသောဋ္ဌာရ စေတီတော်ကို မွမ်းမံမှုနဲ့ပတ်သက်လို့ “ဘုရားကြီးကို ဒီအတိုင်းကြီးထားမှာလည်း မဟုတ်ဘူး။ အဓိကဘာလဲဆိုတော့ ဒီဘုရားကြီးကို ပြုပြင်တယ်။ မွမ်းမံတယ်ဆိုတဲ့ဟာက တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လုပ်မှသာရမှာလေ။ ရှေးဟောင်းဘုရားဖြစ်နေတဲ့အတွက် ကိုယ့်ဘာသာ ဘိလပ်မြေတွေထည့်၊သဲတွေထည့်၊ အုတ်တွေထည့်၊ ကျောက်တွေထည့်ပြီးတော့ အဲလိုတွေလုပ်ဆောင်လို့တော့မရဘူး။ စနစ်တကျနည်းပညာတွေနဲ့ လုပ်ဆောင်ဖို့အတွက် အစိုးရက လုပ်ဆောင်ထားတာပါ”လို့ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားခဲ့ပါတယ်။

အလံတစ်ရာနယ်မြေကို ဟင်္သာက သွားရောက်လေ့လာတဲ့အခါ ဒေသခံတိုင်းရင်းသူတချို့အနေနဲ့ကလည်း ခွန်တန် အလံတစ်ရာကို ပြန်ရောက်လာရင် စေတီတော်ကို ဆက်လက် ပြုပြင်မွမ်းမံမယ်၊ နောက် သာသနာ့နယ်မြေတစ်ရပ်အဖြစ် ဆက်လက် ဖော်ဆောင်သွားချင်ဆိုတဲ့စိတ်ကူးအိပ်မက်တွေကို ကြားသိခဲ့ရပါတယ်။

သူတို့ထဲမှာ “အပြင်မီးက ရွာထဲ ရောက်မှာစိုးလို့ အစိုးရလျှပ်စစ်မီးကိုတောင် သွယ်တန်းမယူဘဲ ကိုယ်ပိုင်မီးစက်သက်သက်နဲ့ မောင်းပြီး ကိုယ့်အိမ်ကိုယ် မီးလင်းနေတုန်းပါပဲ။ ခု တချို့နေအိမ်တွေမှာ လျှပ်စစ်မီးရောက်လာခါမှ အပြင်က အပူ ဒီနယ်မြေကို စီးကူးလာတော့တာ”လို့ ယူဆယုံကြည်သူတွေလည်း ရှိပါရဲ့။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးကြည့်မြန်းကြည့်ရသမျှကိုစစ်ထုတ်ကြည့်တဲ့အခါ ခွန်တန်ကို အလိုရှိနေကြသူတွေထဲမှာ ကိုးကွယ်ယုံကြည်ကြသူ၊ ဥပဒေများကိုချိုးဖောက်သူလို့ယူဆထားကြသူ စတဲ့နှစ်ဖက်စလုံးကပါဝင်နေတာတွေ့ရပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်ကတော့ ခွန်တန်ကို ဖမ်းမမိသေး ခြင်းနဲ့ပတ်သက်ပြီး အခုလိုသုံးသပ်တယ်။

“ပြည်နယ်သာသနာရေးမှူး အလုပ်မလုပ်တာနဲ့ အများကြီးသက်ဆိုင်တာပေါ့။ သူက သတင်းတွေ ဖျောက်ထားတယ်။ အမှောင်ချထားတယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အဲဒီလိုကိစ္စတွေအများကြီးပါတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတာ” လို့သူကဆိုတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး အမည်မဖော်လိုဘဲပေးလိုက်တဲ့ သဘောထားမှတ်ချက်ကတော့ “သူတို့အချင်းချင်း မသင့့််မြတ်တဲ့ ကိစ္စကို အစိုးရဆီ ဦးတည်လာပြီး ကြားညှပ်နေတာပေါ့”တဲ့။

Written by ခေတ်မင်း

Advertisements
<

Leave a Reply